ယူနိုက်တက် လက်ရှိ ကစားသမားတွေမှာ မရှိတဲ့ တိုက်စစ်မှုးသစ် ဇီရစ်ဇီး ရဲ့ ထူးခြား အရည်အသွေးတွေကို တန်ဟက် ဖော်ထုတ်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေ အင်အားဖြည့်မှု အဖြစ် ဘိုလော့ညာမှ နယ်သာလန်သား တိုက်စစ်သမား ဇီရစ်ဇီး ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် ဟာ တိုက်စစ်မှုးသစ် ဇီရစ်ဇီး က ယူနိုက်တက် မှာ မရှိသေးတဲ့ ထူးခြားတဲ့ အရည်အသွေးတွေကို ယူဆောင်ပေးလာတယ် လို့ အမွှန်းတင် ချီးကျူးစကား ဆိုခဲ့ပါတယ်။

တန်ဟက်က ” သူ(ဇီရစ်ဇီး) က ပွဲထဲမှာ အချိတ်အဆက်တွေ ပြုလုပ်နိုင်တဲ့သူပါ။ ဘောလုံး လက်ခံဖို့ အမြဲ အသင့် ရှိတယ်၊ ဘောလုံး ကိုင်နိုင်တယ်၊ အိုင်ဒီယာကောင်းတွေ ရှိ၊ ဖန်တီးနိုင်တယ်၊ ဘောလုံး လိမ်ခေါက်နိုင်တယ်၊ ပေါင်းစပ် ကစားနိုင်တယ်။

ဒါက မတူညီတဲ့ ပုံစံ ဖြစ်ပြီး ကျွန်တော်တို့ အမြဲ ရှာဖွေနေတဲ့ အရည်အသွေးတွေ ဖြစ်တယ်။ သူက နည်းဗျူဟာပိုင်း အရ ကျွန်တေ်ာတို့ ကို ရွေးချယ်စရာတွေ ပေးနိုင်တယ်။ ဒါက ကောင်းတာပေါ့။

အထူးသဖြင့် တိုက်စစ်မှာ တိုက်ရိုက် ကစားနိုင်တဲ့သူတွေ အသင်းမှာ များတယ် ဆိုတော့ သူ့ စကေးလ်တွေကနေ သူတို့လည်း အကျိုးရှိမှာပါ။ ” လို့ နည်းပြ တန်ဟက်က အသေးစိတ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဇီရစ်ဇီး ဟာ ယူနိုက်တက် တိုက်စစ်မှုး ဟွိုင်လန်းရဲ့ အရန် တိုက်စစ်မှုး ဖြစ်မယ်လို့ သတင်း ထွက်နေပြီး အထောင် ရော တောင်ပံကနေပါ ပါဝင်ရဖွယ် ရှိပါတယ်။

နယ်သာလန်သား တိုက်စစ်သမားဟာ လက်ရှိမှာ ယူရိုပြိုင်ပွဲအပြီး အားလပ်ရက် အနားယူနေတာ ဖြစ်ပြီး ယူနိုက်တက်ရဲ့ အမေရိကန် ရာသီကြို ခရီးစဥၤ တစ်ခုလုံး လွဲချော်နိုင်ဖွယ် ရှိနေပါတယ်။