အူဂါတေ ကို ခေါ်ဖို့ ကက်စီမဲရိုး ကို အရင်ရှင်းရမယ့် ကိန်းဆိုက်နေတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီ ရဲ့ ဥရုဂွေး ကွင်းလယ်ခံစစ်ကစားသမား မာနူရယ်လ် အူဂါတေကို ခေါ်ယူသွားနိုင်ဖို့အတွက် ကွင်းလယ်ကစားသမား ကက်စီမဲရိုးကို အရင်ဦးဆုံး ရောင်းထုတ်သွားဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

ဘရာဇီးလ် ကွင်းလယ်လူ ကက်စီမဲရိုးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ယူနိုက်တက်က သူ့ကို ဒီနွေမှာပဲ ရောင်းထုတ်သွားဖို့ စီစဉ်လာခဲ့တာ ဖြစ်သလို ဆော်ဒီကလပ်တွေကလည်း ကက်စီမဲရိုးကို စိတ်ဝင်စားနေကြပါတယ်။

ယူနိုက်တက်ဘက်ကလည်း ကက်စီမဲရိုးနေရာမှာ အစားထိုးဖို့အတွက် ဘင်ဖီကာရဲ့ ဆယ်ကျော်သက် ကွင်းလယ်လူ ဂျာအို နေးဗက်စ်ကို ခေါ်ယူချင်နေပေမယ့် တန်ကြေး အလွန်များလွန်းနေတာကြောင့် ဥရုဂွေး ကွင်းလယ်ကစားသမား အူဂါတေကိုသာ ပိုမို ပစ်မှတ်ထားလာခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဥရုဂွေး လက်ရွေးစင် ကွင်းလယ်လူ အူဂါတေးဟာ ပြီးခဲ့တဲ့ရာသီကမှ စပို့တင်း လစ္စဘွန်းကနေ ပီအက်စ်ဂျီဆီ ရောက်ရှိလာခဲ့တာပါ။

ဒါပေမယ့် ပီအက်စ်ဂျီရဲ့ ကွင်းလယ်မှာ ပုံမှန် ပွဲကစားခွင့် ရရှိဖို့ ရုန်းကန်ခဲ့ရပြီး ဒီနွေမှာတော့ အူဂါတေ ကိုယ်တိုင် ပီအက်စ်ဂျီက ထွက်ခွာချင်လာခဲ့သလို ပီအက်စ်ဂျီကလည်း အူဂါတေ ကို အသင်းကနေ ရောင်းထုတ်ချင်လာခဲ့ပါတယ်။

ဒီလို အခြေအနေမျိုး ရှိလာခဲ့တဲ့ အူဂါတေ ကို ယူနိုက်တက်ဘက်ကနေ ကမ်းလှမ်းမှု လုပ်ဆောင်ခဲ့ပေမယ့် အူဂါတေးအတွက် ပီအက်စ်ဂျီ အလိုရှိနေတဲ့ တန်ကြေးမျိုး ဖြစ်မနေခဲ့တာကြောင့် ယူနိုက်တက်ရဲ့ ကမ်းလှမ်းချက်က ပယ်ချခံခဲ့ရပါတယ်။

ဒါပေမယ့် အသင်းနှစ်သင်းကြားမှာတော့ အူဂါတေရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆက်လက် ဆွေးနွေးနေဆဲဖြစ်ပြီး ယူနိုက်တက်အနေနဲ့ အူဂါတေကို ရရှိဖို့အတွက် အသင်းက ကွင်းလယ်လူ ကက်စီမဲရိုးကို အရင်ဆုံး ရောင်းချပြီး အသုံးစရိတ် ရှာဖွေသွားရနိုင်ပါတယ်။

ကနဦးပိုင်းကတော့ အယ်လ်နာဆာ၊ အယ်လ်အစ်တီဟတ်နဲ့ အယ်လ်ဟီလာအသင်းတွေက ကက်စီမဲရိုးကို အပြိုင် စိတ်ဝင်စားနေကြပေမယ့် လက်ရှိမှာ အယ်လ်အစ်တီဟတ်က ရိုးမား ကွင်းလယ်လူ ဟူစိန် အော်ဝါကို ခေါ်ယူလိုက်သလို အယ်လ်ဟီလာမှာကလည်း ရူဘင် နေးဗက်စ်နဲ့ မီလန်ကိုဗစ် ဆာဗစ်တို့လို ကွင်းလယ်လူတွေ ရှိနေတာကြောင့် ကက်စီမဲရိုးကို စိတ်ဝင်စားတာ အယ်လ်နာဆာ တစ်သင်းတည်းလောက်သာ ကျန်ရှိပါတယ်။