လူသစ် နှစ်ယောက် ဆက်တိုက် ရလိုက်ပေမယ့် ကစားသမား ထပ်ဝယ်ပေးဖို့ နည်းပြ တန်ဟက် တောင်းဆိုနေပါပြီ

ဒီတလောမှာ ဇီရစ်ဇီးနဲ့ ယိုရို ကို ရလိုက်ပြီ ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြအဲရစ်တန်ဟက်ကတော့ လူအင်အား တောင့်တင်းလာအောင် ကစားသမားသစ်တွေ နောက်ထပ် ခေါ်ယူပေးဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ တောင်းဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုနွေရာသီအတွင်း ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်သူ နယ်သာလန်တိုက်စစ်မှူး ဇီရစ်ဇီး ကို ဘိုလော့ဂ်နာအသင်းဆီကနေ ပေါင် ၃၆ သန်းနဲ့ခေါ်ယူခဲ့ပြီး လိုင်လီအသင်း လူငယ်ကြယ်ပွင့်နောက်ခံလူ လန်နီ ယိုရိုကိုလည်း မကြာခင် ခေါ်ယူကြောင်း မိတ်ဆက် ကြေညာတော့မှာပါ။

ယိုရို ဟာ ယူနိုက်တက်အသင်းမှာ ဆေးစစ်မှုခံယူဖို့အတွက် မန်ချက်စတာမြို့ကို ရောက်ရှိနေပြီဖြစ်ပြီး ဆေးစစ်မှုအောင်မြင်တာနဲ့ ယူနိုက်တက်အသင်းက သူ့ကို ၅ နှစ်စာချုပ်အပြင် သက်တမ်းပြည့်ရင် နောက်ထပ် ၁၂ လ သက်တမ်းတိုးဖို့ စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒီလိစ်ကိုလည်း ပေါင် ၄၂ သန်းနဲ့ခေါ်ယူဖို့ ဆက်လက် ဆွေးနွေးနေသလို အဲဗာတန်လူငယ်နောက်ခံလူ ဘရန့်သ်ဝိတ်အတွက် တတိယအကြိမ်မြောက် ကမ်းလှမ်းဖို့ စီစဉ်နေပြီလို့ သတင်းထွက်နေပါတယ်။

ယူနိုက်တက်အသင်းဟာ လာမဲ့ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်၊ FA ၊ လိဂ်ဖလား၊ ယူရိုပါလိဂ်ပြိုင်ပွဲ ၄ ခု ဆင်နွှဲရမှာဖြစ်တဲ့အတွက် အဲရစ်တန်ဟက်က နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူချင်နေတာဖြစ်ပါတယ်။

အဲရစ်တန်ဟက်က “ကစားသမားအင်အားတောင့်တင်းဖို့ နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုအပ်နေပါတယ်။ ဥရောပပြိုင်ပွဲမှာ ပြိုင်ပွဲကျင်းပတဲ့ပုံစံ အပြောင်းအလဲကြောင့် ကစားရမဲ့ပွဲတွေ ပိုများလာမှာဖြစ်သလို အကြိတ်အနယ်ရှိတဲ့ပွဲတွေ အများကြီးယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဆောင်းရာသီအားလပ်ရက်လည်း မရှိဘဲ ဇန်နဝါရီကျရင် ပွဲကြပ်တွေ ဆက်တိုက် ကစားရဦးမှာပါ”လို့ ပြောကြားခဲ့ပါတယ်။