သရဲနီ နောက်ခံလူသစ် ယိုရို ဆိုတာ ဘယ်သူလဲ၊ ထူးချွန် အားသာချက်တွေ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ အလားအလာ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဥရောပဘောလုံးလောကရဲ့ အလားအလာ အကောင်းဆုံး လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်သူ လန်နီ ယိုရို ကို တရားဝင် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်သာရှိသေးသူ ယိုရို ဟာ ဗုဒ္ဓဟူးနေ့က ယူနိုက်တက်အသင်းမှာ ဆေးစစ်မှုခံယူခဲ့ပြီးတဲ့နောက် ၅ နှစ်သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ယိုရို အတွက် လိုင်လီအသင်းကို ပေါင် ၄၂ သန်း အရင်ဆုံး ပေးချေရမှာဖြစ်သလို အောင်မြင်မှုအပေါ် မူတည်ပြီးတော့ add-ons ကြေး အဖြစ် နောက်ထပ် ပေါင် ၁၀ သန်း ထပ်ပေးရမှာဖြစ်လို့ ယော်ရိုရဲ့ စုစုပေါင်းတန်ဖိုးက ပေါင် ၅၂ သန်းအထိရှိလာမှာပါ။
အဲဒါကြောင့် ယိုရို ဟာ အသက် ၁၈ နှစ်နဲ့အောက် နောက်ခံလူတွေထဲမှာ ကြေးအကြီးဆုံး အဖြစ် မှတ်တမ်းဝင်ခဲ့သလို ဘောလုံးသမိုင်း တစ်လျှောက် ပြောင်းရွှေ့ကြေးအမြင့်ဆုံး နောက်ခံလူတစ်ဦး အဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။
ယိုရို ဟာ လက်ရှိဘောလုံးလောကရဲ့ အရည်အသွေးမြင့်လူငယ်နောက်ခံလူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တာကြောင့် သူ့ကို ခေါ်ယူနိုင်ခဲ့တဲ့ ယူနိုက်တက် အတွက် အကျိုးရှိစေမှာ အသေအချာပါပဲ။
ယိုရို ကို ၂၀၀၅၊ နိုဝင်ဘာ ၁၃ ရက်မှာ ပြင်သစ်နိုင်ငံရဲ့ ဆင်ခြေဖုံးအရပ်ဖြစ်တဲ့ စိန့်မော်ရစ်မြို့မှာ မွေးဖွားခဲ့ပြီး သူ့မိဘတွေ က အိုင်ဗရီကို့စ်နိုင်ငံသားတွေဖြစ်ကြပါတယ်။
ယိုရို အသက် ၆ နှစ်အရွယ်မှာ သူ့မိသားစုက လိုင်လီမြို့ မြောက်ဘက်ပိုင်းကို ရွှေ့ပြောင်းနေထိုင်ခဲ့ပြီး အသက် ၁၂ နှစ် အရွယ်မှာပဲ လိုင်လီအသင်းအကယ်ဒမီကို ရောက်ရှိခဲ့ပါတယ်။
ငယ်ငယ်တုန်းက နာမည်ကျော် NBA ပြိုင်ပွဲကို အရူးအမူးနှစ်သက်ခဲ့တဲ့ ယိုရို ဟာ တစ်ချိန်ကျရင် အောင်မြင်တဲ့ အားကစား သမားတစ်ယောက်ဖြစ်ဖို့ အိပ်မက် မက်ခဲ့ရတာဖြစ်ပါတယ်။

၂၀၂၁-၂၂ ရာသီ၊ ပြင်သစ်လီဂူးရာသီပိတ်ပွဲဖြစ်တဲ့ နိုက်စ်နဲ့ပွဲမှာ ယော်ရိုဟာ လိုင်လီအသင်းကြီးအတွက် ပွဲဦးထွက်ခွင့်ရခဲ့ပြီး အဲဒီအချိန်က သူ့အသက်ဟာ ၁၆ နှစ် ၆ လနဲ့ ၁ ရက်သာရှိသေးလို့ လိုင်လီနာမည်ကျော်ကစားသမားဟောင်း ဟာဇက်ကို ကျော်ဖြတ်ပြီးတော့ အသင်းရဲ့ဒုတိယမြောက် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အသက်အရွယ်နဲ့မလိုက်အောင် ခြေစွမ်းပြနိုင်တာကြောင့် လိုင်လီအသင်းမှာ ယိုရို တစ်ယောက် အချိန်တိုအတွင်းမှာပဲ အဓိကနောက်ခံလူဖြစ်လာပြီး အသက် ၁၈ နှစ်ပြည့်ချိန်မှာတော့ Europa Conference League ၉ ပွဲအပါအဝင် အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၆၀ အထိကစားခဲ့ပြီးပါပြီ။
ပြီးခဲ့တဲ့ရာသီတုန်းက လိုင်လီအသင်းရဲ့ outfield player တွေထဲမှာ မိနစ်အများဆုံး ကစားခွင့်ရသူအဖြစ် ရပ်တည်ခဲ့သလို ယိုရို ရဲ့ခြေစွမ်းကြောင့် ပြင်သစ်လီဂူး ၁ နှစ်တာ အကောင်းဆုံး အသင်းစာရင်းမှာ ရွေးချယ်ခံရတာက သိပ်တော့ မထူးဆန်းပါဘူး။
အရပ် ၆ ပေ ၃ လက်မအထိ မြင့်မားတဲ့ ယိုရို ဟာ အရပ်အမောင်းကောင်းသလို ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိတာကြောင့် ထိပ်တန်းအဆင့် တိုက်စစ်မှူးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အကောင်းဆုံး တားဆီးနိုင်ခဲ့ပါတယ်။ ညာသန် နောက်ခံလူတစ်ဦးဖြစ်ပြီး last defender အဖြစ် ပုံစံကောင်းပြသနိုင်သလို အရပ်မြင့်ပေမဲ့ အရမ်းကြီး မလေးဘဲ ပြေးအားကောင်းသူလည်းဖြစ်ပါတယ်။
ယိုရို ရဲ့အားသာချက်တွေက ပြိုင်ဘက်တိုက်စစ်မှူးတွေ သူ့ကို တစ်ပတ်လှည့်ပြီးတော့ ကျော်ဖြတ်တာမျိုး၊ ဘောလုံးဆွဲထုတ်ပြီး လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးတာမျိုး မဖြစ်အောင် တားဆီးနိုင်တာပါပဲ။ သူ့ရဲ့အားနည်းချက်ကတော့ ဘောလုံး ပြန်လည်လုယူနိုင်မှုအပိုင်းမှာ အားနည်းတာပဲဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံက ဘောလုံးလေ့လာသုံးသပ်သူတွေက ယိုရို ဟာ ပွဲအခြေအနေအပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာ အားရဖို့ကောင်းသလို ပြိုင်ဘက်ကစားသမား အမှားလုပ်မိအောင် ဖိအားပေးနိုင်တဲ့နေရာမှာလည်း ထူးချွန်တယ်လို့ ဆိုပါတယ်။
ယူနိုက်တက်အသင်းမှာ ယိုရို ရဲ့ တွဲဖက် ဗဟိုခံစစ်မှုး ဖြစ်ဖွယ်ရှိတဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ မတူညီတဲ့အချက်ကတော့ ယိုရို က လီဆန်ဒရိုမာတီနက်ဇ်လို ခပ်ကြမ်းကြမ်းဝင်တတ်တဲ့ ကစားသမားမျိုး မဟုတ်ဘဲ ပြိုင်ဘက်ရဲ့အမှားကို စိတ်ရှည်ရှည်နဲ့စောင့်ကြည့်ပြီးမှ ချိန်သားကိုက် လှုပ်ရှားတတ်တာပါပဲ။
အသက် ၁၈ နှစ်သာရှိသေးပေမဲ့ ယိုရို ရဲ့ အရည်အချင်းအပေါ် မေးခွန်းထုတ်စရာ မလိုပါဘူး။ ဒါပေမဲ့ ကြံ့ခိုင်မှုအသားပေးကစားလေ့ရှိတဲ့ အင်္ဂလိပ်ဘောလုံးပုံစံနဲ့အသားကျဖို့ အချိန်တစ်ခုတော့ လိုအပ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အင်္ဂလန်မှာ အောင်မြင်မှုအများဆုံးကလပ်တစ်သင်းဖြစ်သလို ပရီးမီးယားလိဂ်ပြိုင်ပွဲကလည်း ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး လိဂ်တစ်ခုဖြစ်တာကြောင့် ယိုရို အနေနဲ့ သူ ရင်ဆိုင်ရမဲ့ ဖိအားတွေကို အကောင်းဆုံးကျော်ဖြတ်ပြနိုင်မလားဆိုတာကတော့ အချိန်ယူစောင့်ကြည့်ရဦးမှာပါ။