အူဂါတီ အတွက် ပီအက်စ်ဂျီက ဘယ်လောက်ရမှ မန်ယူထံ ရောင်းချမှာလဲ စကိုင်းစပေါ့ ဖော်ထုတ်

ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီထားတဲ့ ကွင်းလယ်ခံကစားသမား မာနူရယ် အူဂါတီအတွက် ပြောင်းရွှေ့ကြေး အဖြစ် ယူရို သန်း(၇၀)အထိ အလိုရှိနေတယ်လို့ စကိုင်းစပေါ့ သတင်းကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ် ဥရုဂွေး လက်ရွေးစင် ကွင်းလယ်လူ အူဂါတီဟာ ပြီးခဲ့တဲ့နွေကမှ စပို့တင်း လစ္စဘွန်းကနေ ပီအက်စ်ဂျီအသင်းဆီကို ယူရို သန်း(၆၀)နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် တစ်ရာသီအကြာမှာပဲ အသင်းနဲ့ ပြန်လည် လက်တွဲဖြုတ်ဖို့ အကြောင်းဖန်လာခဲ့ရပါတယ်။

အူဂါတီဟာ အသင်းမှာ ပွဲထွက်ကစားခွင့်တွေ အလုံအလောက် မရရှိသလို ပီအက်စ်ဂျီနည်းပြ အင်းနရစ်ကလည်း အူဂါတီထက် ဗီတင်ညာ ဖာဘီယန်ရုဇ်နဲ့ လူငယ် ကစားသမား အမ်မရီတို့ကိုသာ ပိုမို အသုံးများနေတာကြောင့် အူဂါတီကို အခု နွေဈေးကွက်မှာ အသင်းကနေ ရောင်းချသွားဖို့ ပြင်ဆင်လာခဲ့ပြီး အူဂါတီကိုယ်တိုင်ကလည်း ပီအက်စ်ဂျီနဲ့ လက်တွဲဖြုတ်ချင်လာခဲ့ပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ အူဂါတီကို မန်ယူနိုက်တက်က စတင် ချဉ်းကပ်လာခဲ့ရင်း အခုတော့ ကစားသမားနဲ့ပါ လစာကိစ္စ စာချုပ်ကိစ္စတွေမှာ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပြီး အလုံးစုံ သဘောတူညီမှု ရနိုင်ဖို့ ပီအက်စ်ဂျီအသင်းနဲ့ အူဂါတီရဲ့ ပြောင်းရွှေ့ကြေးအတွက် ဆက်လက် ဆွေးနွေးနေဆဲ ရှိနေပါတယ်။

ပီအက်စ်ဂျီဘက်က အူဂါတီကို ယူနိုက်တက်ဆီ ရောင်းချပြီးရင် ဘင်ဖီကာက ပေါ်တူဂီ ဆယ်ကျော်သက် ကွင်းလယ် ကစားသမားလေး ဂျာအို နေးဗက်စ်ကို ပြန်လည် ခေါ်ယူဖို့ စီစဉ်ထားတာဖြစ်ပြီး နေးဗက်စ်အတွက်ကိုလည်း ယူရို သန်း(၇၀)လောက်အထိ အသုံးပြုဖွယ် ရှိနေတာကြောင့် အူဂါတီကိုလည်း ယူရို သန်း(၇၀)နဲ့သာ ရောင်းချချင်နေပါတယ်။

ယူနိုက်တက်ကလည်း မကြာသေးခင်ကမှ လိုင်လီ နောက်ခံလူ ယိုရိုအတွက် ယူရို (၆၂)သန်းအထိ အသုံးပြုထားရတာကြောင့် အူဂါတီအတွက်ကိုလည်း ယူရို သန်း(၇၀)အထိ သုံးစွဲဖို့က အနည်းငယ် အခက်အခဲ ရှိနိုင်တာကြောင့် ဆွေးနွေး ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး အသင်းကွင်းလယ်က ကက်စီမဲရိုး နဲ့ တွမ်မီနေးတို့ကိုလည်း ရောင်းထုတ်သွားရဖွယ် ရှိနေပါတယ်။ားသမား အူဂါတီ အတွက် ပီအက်စ်ဂျီက ဘယ်လောက်ရမှ မန်ယူထံ ရောင်းချမှာလဲ စကိုင်းစပေါ့ ဖော်ထုတ်