အကောင်းဆုံး ဒီယာလို၊ အထင်ကြီးစရာ ယိုရို၊ အရင်ကနဲ့ မတူတော့တဲ့ ဆန်ချိုနဲ့ ရိမ်းဂျားစ်ကို ယူနိုက်တက်တို့ ဂိုးပြတ်နိုင်ခဲ့တဲ့ ခြေစမ်းပွဲ
မန်ချက်စတာယူနိုက်တက်ဟာ မနေ့ညက ရိန်းဂျားစ်နဲ့ ရာသီကြိုခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ လူငယ်ကစားသမားတွေရဲ့ အစွမ်းပြမှုနဲ့အတူ ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက် ရဲ့ ပေါင် ၅၂ သန်းတန် နောက်ခံလူသစ် လန်နီ ယိုရို ပွဲထွက်ပါဝင်ကစားခဲ့ပြီး ပရိသတ်တွေ စိတ်ကျေနပ်လောက်စရာ ခြေစွမ်းမျိုးပြသနိုင်ခဲ့တယ်။

မန်ချက်စတာယူနိုက်တက်အတွက် ဂိုးတွေကို ပထမပိုင်း ၃၉ မိနစ်မှာ အာမက် ဒီရယ်လိုက ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ညာတောင်ပံကနေ အတွင်းကို ချိုးဝင်ပြီး ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
အဲရစ် တန်ဟက်ရဲ့အသင်းဟာ ဒုတိယပိုင်းမှာ ကြီးမားတဲ့ လူစာရင်း အပြောင်းအလဲတွေနဲ့ ယှဉ်ပြိုင်ခဲ့ပြီး လူငယ်ကစားသမား ဂျိုး ဟူဂီးလ်က မိနစ် ၇၀ မှာ မန်ချက်စတာယူနိုက်တက်အတွက် ဒုတိယမြောက် ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
စနေနေ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အတွက် မကစားပေးခဲ့တာ ၁ နှစ်ကျော်ခဲ့ပြီဖြစ်တဲ့ ဆန်ချိုကိုလည်း ပြန်မြင်ခဲ့ရပြီး ဆန်ချိုက အရင်လိုပုံစံမျိုး မဟုတ်တော့ဘဲ ပိုရင့်ကျင့်မှုရှိလာတဲ့အပြင် အာရုံစူးစိုက်မှုအပြည့်နဲ့ကစားနိုင်ခဲ့ပါတယ်။ အင်္ဂလန်သားဟာ အပိုင်ဂိုးသွင်းခွင့် ၁ ကြိမ်ရခဲ့ပေမဲ့ သူ့ရဲ့ကန်ချက်က ဂိုးပေါ်ထောင်သွားလို့သာ ဂိုးမရခဲ့တာပါ။
ကစားသမားသစ်ဖြစ်တဲ့ လီနီ ယိုရိုကလည်း ခံစစ်မှာ ကစားခဲ့တဲ့ ပထမပိုင်း ၄၅ မိနစ်စလုံးမှာ အထင်ကြီးစရာခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
ပထမပိုင်း ၄၅ မိနစ်အတွင်း ယိုရိုက ပြိုင်ဘက်နဲ့တစ်ယောက်ချင်းအတွေ့မှာ အသာရယူနိုင်မှု ၁၀၀ %၊ ဘောလုံးပေးပို့မှု ၄၈ ကြိမ်မှာ အောင်မြင်တဲ့ပေးပို့မှုက ၄၄ ကြိမ်၊ တိကျတဲ့အမြင့်ဘောပေးပို့မှု ၄ ကြိမ်၊ ဘောလုံးပြန်လည်ရယူနိုင်မှု ၂ ကြိမ်၊ block ၊ clearance ၊ tackle ၁ ကြိမ်စီပြုလုပ်ခဲ့သလို ပြစ်ဒဏ်ကျူးလွန်မှု မရှိဘဲ ပြိုင်ဘက်က သူ့ကို ကျော်ဖြတ်ပြီးတော့ ဘောလုံးဆွဲပြေးမှုလုပ်နိုင်တာ တစ်ကြိမ်မှ မရှိခဲ့ပါဘူး။
အခုပွဲမှာ ယူနိုက်တက်ရဲ့အကောင်းဆုံးကစားသမားက ဒီယာလို ဖြစ်ခဲ့ပါတယ်။ ညာခြမ်းမှာ ဒီယာလိုဟာ ရိန်းဂျားစ်အသင်း ခံစစ်ကစားသမားတွေကို ကောင်းကောင်း ဒုက္ခပေးခဲ့သလို အဖွင့်ဂိုးကိုလည်း တောင်ပံကနေ ဘယ်ခြေနဲ့လှလှပပကန်သွင်းခဲ့တယ်။
ညာခြမ်းမှာ အန်တိုနီထက်စာရင် ဒီယာလိုက ပိုပြီး ထိရောက်မှုရှိတာကြောင့် အဲရစ်တန်ဟက်အနေနဲ့ သူ့တပည့်အရင်း အန်တိုနီနဲ့ ဒီယာလိုတို့ထဲက ဘယ်သူ့ကို ပွဲထွက်သုံးသင့်လဲဆိုတာတော့ အသေအချာ စဉ်းစားဖို့ လိုအပ်နေပါပြီ။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီပွဲအပြီး ဇူလိုင် ၂၈ ရက်နေ့မှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားသွားမယ့် ရာသီကြိုခြေစမ်းပွဲအတွက် အမေရိကန်သို့ ထွက်ခွာမှာဖြစ်ပါတယ်။