မန်ယူက အငှားနဲ့ ဖြစ်ဖြစ် လွှတ်ချင်နေပေမယ့် အသင်းမှာပဲ ဆက်နေမယ့် အန်တိုနီ၊ ဘရာဇီးသားဘက်က ရှိနေတဲ့ တန်ဟက်

မန်ချက်စတာ ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ ရာသီ ၃ ဂိုးသာ သွင်းယူခဲ့တဲ့ ဘရာဇီး တောင်ပံကစားသမား အန်တိုနီ ကို ဒီနွေမှာ အပြီး မရောင်းနိုင်ရင်တောင် အငှား စေလွှတ်ကာ လုပ်ခလစာ ကာမိစေဖို့ စဉ်းစားနေပါတယ်။

ဒါပေမယ့် အန်တိုနီရဲ့ အေးဂျင့်ဖြစ်သူကတော့ သူ့ ကစားသမားဟာ အခု နွေဈေးကွက်ထဲ ဘယ်အသင်းဆီကိုမှ ပြောင်းရွှေ့မှာ မဟုတ်ပဲ ယူနိုက်တက်မှာပဲ ဆက်ရှိနေမယ်လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် ညာတောင်ပံကစားသမား အန်တိုနီဟာ လွန်ခဲ့တဲ့ ၂၀၂၂ခုနှစ်ကတည်းက အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ယူရို (၉၅)သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့်လည်း ယူနိုက်တက်အသင်းနဲ့ (၂)ရာသီ ကျင်လည်ပြီးချိန်မှာတောင် အန်တိုနီက ယူနိုက်တက်အတွက် (၈၂)ပွဲကစား (၁၁)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး (၅)ဂိုးပဲ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

အန်တိုနီရဲ့ ခြေစွမ်းပိုင်းတွေက အသင်းအတွက် အားထားလောက်စရာ အနေအထားမှာ ရှိမနေချိန် ညာတောင်ပံကစားသမားလေး အာမတ်က စွမ်းဆောင်ရည်ကောင်းတွေပါ ပြသထားလာခဲ့တာကြောင့် အန်တိုနီရဲ့ ပွဲကစားခွင့်တွေက နည်းသထက် နည်းလာခဲ့ရပါတယ်။

ဒီလို အခြေအနေတွေကြောင့် အန်တိုနီရဲ့ ယူနိုက်တက် ကစားသမားဘဝ အနာဂတ် အခြေအနေက စတင် လှုပ်ခတ်လာခဲ့ကာ ဒီနွေ ရှင်းထုတ်ခံရနိုင်တဲ့ ကစားသမားတွေထဲမှာ အန်တိုနီပါ ပါဝင်လာခဲ့ရပါတယ်။

ဒီရက်ပိုင်းထဲမှာလည်း ယူနိုက်တက်က အန်တိုနီကို ဒီနွေမှာ အငှားချသွားဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒီလို အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး အန်တိုနီရဲ့ အေးဂျင့်ဖြစ်သူက “အငှားထွက်ခွာမှုအကြောင်းနဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်နေတာကို ကျွန်တော် သတိထားမိပါတယ်။ ဒါပေမယ့် အန်တိုနီရဲ့ plan က ရှင်းပါတယ်။ သူက မန်ချက်စတာ ယူနိုက်တက်မှာသာ ဆက်လက် ရှိနေသွားဖို့ပါပဲ။

သူက ဒီအသင်းမှာပဲ ဆက်ကစားချင်ပါတယ်။ ဒီအသင်းအတွက်ကိုပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ကလပ်အသင်းနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးပါပြီ။” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

အန်တိုနီရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နည်းပြ အဲရစ် တန်ဟက် ကလည်း “အန်တိုနီက ဒီကလပ်အသင်းမှာ ကစားနိုင်တဲ့ အလားအလာမျိုး ရှိနေတယ်လို့ ကျွန်တော် ယုံကြည်နေတုန်းပါပဲ။ သူ ဒီကိုရောက်လာပြီး ပထမလမှာတော့ သူရဲ့ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီမှာတော့ စွမ်းဆောင်ရည်တွေက ကောင်းမွန်ခြင်း ရှိမနေပါဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။