ဆန်ချို အတွက် မထင်မှတ်တဲ့ ကမ်းလှမ်းမှု တစ်ခု ရောက်လာပါပြီ၊ ကစားသမားကလည်း စိတ်ဝင်စားနေပါတယ် ..
ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဟာ မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး ကစားသမားကိုယ်တိုင်ကလည်း ဒီကမ်းလှမ်းမှုအပေါ် စိတ်ဝင်စာနေတယ်လို့ သိရပါတယ်။
အသက် (၂၄)နှစ်အရွယ် အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ လက်ကျန်ရာသီဝက်ထဲ အသင်းဟောင်း ဒေါ့မွန်ဆီ ပြောင်းရွှေ့ခဲ့ရပေမယ့် လက်ရှိမှာတော့ ယူနိုက်တက်အသင်းဆီ ပြန်ရောက်နေပြီ ဖြစ်သလို သူနဲ့ တန်ဟက် ကြားမှာလည်း ပြေလည်မှု ရသွားခဲ့ပါတယ်။

ဆန်ချိုဟာ ရိန်းဂျားစ်အသင်းနဲ့ ကစားခဲ့တဲ့ ယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်မှာ ကစားပေးခွင့် ရရှိခဲ့သလို ယူနိုက်တက်ဘက်ကလည်း ဆန်ချိုကို အသင်းမှာပဲ ဆက်ထိန်းသွားတော့မယ်လို့ ထင်ခဲ့ရပေမယ့် လက်ရှိမှာတော့ ပီအက်စ်ဂျီက ဆန်ချိုကို ခေါ်ယူဖို့ ရုတ်တရက် ကြိုးပမ်းလာခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းက သူတို့ရဲ့ ကြယ်ပွင့်ကစားသမား ကီလီယန် အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်အသင်းဆီ လက်လွှတ် ထားရသလို ကိုလို မူအာနီကိုပါ အသင်းကနေ ရောင်းထုတ်ဖို့ ရှိနေချိန်မှာ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို ခေါ်ယူဖို့ နီးစပ်နေပြီး မနှစ်က ချန်ပီယံလိဂ်မှာ သူတို့အသင်းကို ကောင်းကောင်း ဒုက္ခပေးခဲ့တဲ့ ဆန်ချိုကိုလည်း မျက်စိကျလာခဲ့ပါတယ်။
ဆန်ချိုက လက်ရှိမှာ တန်ဟက် နဲ့ရော ယူနိုက်တက်နဲ့ပါ အဆင်ပြေပြေ ရှိနေတယ် ဆိုပေမယ့်လည်း ညာ တောင်ပံထက် ဘယ်တောင်ပံမှာပဲ ကစားချင်နေတဲ့ ဆန်ချိုကို နေရာပေးဖို့က ဘယ်တောင်ပံမှာ ရပ်ရှ်ဖို့ဒ် ဂါနာချိုတို့ ရှိနေတာကြောင့် လွယ်ကူနိုင်မှာ မဟုတ်သလို ဆန်ချိုကိုယ်တိုင်လည်း ယူနိုက်တက်မှာ သူ့အတွက် နေရာမရနိုင်တာကို သတိထားနေမိပါလိမ့်မယ်။
ဒါကြောင့်ပဲ ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုကို ဆန်ချိုကိုယ်တိုင်က စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး မကြာခင်မှာပဲ ပုဂ္ဂိုလ်ရေး
သဘောတူညီမှုပါ ရရှိသွားနိုင်ဖွယ်လည်း ရှိနေတယ်လို့ ပြင်သစ် သတင်းတွေက ဖော်ပြထားပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဘက်က ဆန်ချိုကို ပီအက်စ်ဂျီဆီ ရောင်းချဖို့ ဆန္ဒ ရှိမရှိက စောင့်ကြည့်သွားရဦးမှာ ဖြစ်သလို ဆန်ချိုနဲ့ အူဂါတီ အလဲအထပ်မျိုးလည်း မြင်တွေ့လာရနိုင်ဖွယ် ရှိနေပါတယ်။