ဗန်ဒီဘိခ်ကို သဘောကျတဲ့ ပိုချက်၊ ဖာနန်ဒက်စ်ကို ချန်ခဲ့တာ ရှင်းပြတဲ့ ကာရစ် နဲ့ ယနေ့ မန်ယူ သတင်းများ

မန်ယူယာယီနည်းပြ ကာရစ်က ဗီလာရီးရဲနဲ့ပွဲမှာ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တာ သူ့အနေနဲ့ ရိုးရှင်းတဲ့ ရွေးချယ်မှုကို ပြုလုပ်ခဲ့တာဖြစ်ကြောင်း၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားသမား ၅ ဦးအထိ လူစားလဲခွင့် ရတဲ့အတွက် အရန်ကစားသမားတွေကလည်း အရေးပါကြောင်း ဖွင့်ဟခဲ့ပါတယ်။ အဆိုပါပွဲမှာ ကာရစ်အနေနဲ့ ၄ နေရာ လောက်ကို အပြောင်းအလဲ လုပ်ခဲ့ပါတယ်။

မန်ယူနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ပိုချက်တီနိုက သူ့အနေနဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ် ကို အလွန် နှစ်သက်မှု ရှိကြောင်း၊ ဗန်ဒီဘိခ် ဟာ အေဂျက်ဇ်မှာတုန်းက ပေါက်ကွဲအား ပြင်းထန်ပြီးဂိုးလည်းသွင်းနိုင်သူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဗီလာရီးရဲနဲ့ပွဲမှာ တိုက်စစ်ကစားသမားဆန်ချိုက မန်ယူရဲ့ အကောင်းဆုံး ကစားသမားဖြစ်ကြောင်း ပေါလ်စခိုးက ချီးကျူးလိုက်ပြီး သူ့အနေနဲ့ ဆန်ချိုရဲ့ စွမ်းဆောင်ရည် အပေါ် ကျေနပ်မိကြောင်း၊ မန်ယူအနေနဲ့ ဆန်ချိုပါရင် အနည်းငယ် ကွဲပြားပြီး သူ့ကို သုံးစွဲဖို့ လိုအပ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူ တိုက်စစ်မှူးဟောင်း ဖော်လန်က မန်ယူအသင်းဖော်ဟောင်း ပေါလ်စခိုးဟာ သူတွဲကစားခဲ့ဖူးသမျှ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်း၊ ပေါလ်စခိုးဟာ ကွင်းလယ်လူ အဖြစ်ရော တိုက်စစ် ကစားသမား အဖြစ်ပါ ကစားနိုင်သူ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

မန်ယူ ယာယီနည်းပြ ကာရစ်က ဗီလာရီးရဲနဲ့ပွဲက နိုင်ပွဲဟာ နည်းပြဟောင်း ဆိုးလ်ရှားအတွက်ဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ ၂ ရက် တာဟာ အသင်းကလူတိုင်းအတွက် မလွယ်ကူခဲ့ကြောင်း၊ ဒါပေမဲ့ သူတို့အလုပ် သူတို့ အကောင်းဆုံး ဆက်လုပ်ရမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မူှး မက်ဆီက သူ့ရဲ့ မဟာ ပြိုင်ဘက် စီရော်နယ်ဒိုအနေနဲ့ မန်ယူကို ပြန်ပြောင်းခြင်းနဲ့ ပတ်သက်ပြီး “စီရော်နယ်ဒိုက ဒီအသင်းအကြောင်းကို သိပြီးသားပါ။ သူက အထင်ကြီးစရာ ပုံစံနဲ့ အထိုင်ကျနေပါပြီ။ သူက အမြဲတမ်း လုပ်ခဲ့သလိုမျိုး ဂိုးတွေသွင်းနိုင်နေပါတယ်”လို့ ဆိုခဲ့ပါတယ်။

မန်ယူကစားသမားဟောင်း မတ်ဟုချ်က မန်ယူအနေနဲ့ လက်ရှိအချိန်မှာ ပိုချက်တီနိုကို အရခေါ်ယူသင့်ပြီဖြစ်ကြောင်း၊ မန်ယူအနေနဲ့ ပိုချက်တီနိုကို ခေါ်ယူဖို့ ကာလရှည် ကြိုးပမ်းခဲ့တာဖြစ်ကြောင်း၊ ပိုချက်တီနိုအနေနဲ့လည်း မန်ယူအသင်းကို ကိုင်တွယ် ချင်တယ် လို့ ခံစားရကြောင်း ဖွင့်ဟခဲ့ပါတယ်။