နောက်ထပ် ခေါ်ယူမှုတွေ ထပ်လုပ်ဖို့ ကစားသမား ၃ ဦးနဲ့ မန်ချက်စတာ ယူနိုက်တက် တပြိုင်နက်တည်း ဆွေးနွေးနေ
မန်ချက်စတာ ယူနိုက်တက်အသင်းက ဒီနွေမှာ တိုက်စစ်ကစားသမား ဂျိုရှုအာ ဇာတ်ဇီးနဲ့ လူငယ် နောက်ခံကစားသမားလေး လန်နီ ယိုရိုတို့ကို ခေါ်ယူထားပြီးပေမယ့် လက်ရှိမှာလည်း ကစားသမား (၃)ဦးနဲ့ ဆက်လက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
ဒီနွေမှာ ကစားသမားသစ် (၂)ဦး ခေါ်ယူထားပြီး ကစားသမား (၅)ဦးကို လက်လွတ်ထားခဲ့တဲ့ ယူနိုက်တက်က လက်ရှိမှာတော့ နောက်ထပ် ကစားသမား (၃)ဦးကို ထပ်မံ ခေါ်ယူသွားဖို့အတွက်ကိုလည်း သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်သွနေတာပါ။
ယူနိုက်တက်က ယိုရိုကို အသင်းဆီ တရားဝင် ခေါ်ယူလို့အပြီးမှာပဲ ယိုရိုနဲ့ အေးဂျင့်အတူတူဖြစ်တဲ့ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား မန်နူရယ် အူဂါတေးကို ထပ်မံ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုပါ ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့အတွက်က ပီအက်စ်ဂျီနဲ့ပါ သဘောတူညီမှု ရယူနိုင်ဖို့လည်း လိုအပ်နေသေးပြီး ပီအက်စ်ဂျီကတော့ ယူရို သန်း(၇၀)အထိတောင် တောင်းဆိုထားလို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေရပါတယ်။
ဒုတိယ တစ်ယောက်ကတော့ ယူနိုက်တက်ရဲ့ ခံစစ်ပိုင်း အဓိကပစ်မှတ် ဖြစ်ခဲ့တဲ့ ဒီလစ်ကို ခေါ်ယူနိုင်ဖို့အတွက်ကိုလည်း ဒီလစ်ရဲ့ ကလပ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။
ယူနိုက်တက်က ဒီလစ်အတွက် ယူရို သန်း(၄၀)ထက်မပိုတဲ့ ကမ်းလှမ်းမှုတွေသာ လုပ်နေပေမယ့် ဘိုင်ယန်ကတော့ ယူရို သန်း(၅၀)အောက်ကို တစ်ချက်မှ မလျှော့ပေးပဲ တင်းခံနေပါတယ်။
ဒါ့အပြင် ယူနိုက်တက်က မနှစ်ကတည်းက အငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ အမ်မရာဘတ်ကို အပြီးသတ် ခေါ်ယူမှာ မဟုတ်ကြောင်း ဖီအိုရင်တီးနားအသင်းထံ အကြောင်းကြားလိုက်ပေမယ့် နောက် တစ်ရာသီခန့် အငှားနဲ့ ထပ်မံ ခေါ်ယူဖို့ ဒါမှမဟုတ် ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။