ဈေးကွက်ထဲမှာ လက်မလည်အောင် စံချိန်တင်ရောင်းချနေရတဲ့ မန်ချက်စတာ ယူနိုက်တက် အဝေးကွင်း ဂျာစီသစ်

၂၀၂၄-၂၅ ရာသီ အတွက် မန်ချက်စတာယူနိုက်တက်အသင်း ဝတ်ဆင်မယ့် အဝေးကွင်းဂျာစီတွေဟာ ဘောလုံးပရိသတ်တွေကြား ဝယ်ယူမှု မြင့်တက်နေပြီး စံချိန်တင်ရောင်းချနေရပါတယ်။

ယူနိုက်တက်အသင်းရဲ့အဝေးကွင်းဂျာစီကို နာမည်ကျော်အားကစားကုမ္ပဏီဖြစ်တဲ့ Adidas က ဒီဇိုင်းထွင်ပြီးတော့ အခုတစ်ပတ်အတွင်း စတင်ရောင်းချနေပြီး အခုလောလောဆယ် ဈေးကွက်ထဲမှာ လက်မလည်နိုင်အောင် ရောင်းနေရတယ်လို့ ဗြိတိန်သတင်းစာ ဒေးလီးမေးလ် က ဖော်ပြခဲ့ပါတယ်။

Adidas ဟာ ၁၉၉၀ ဝန်းကျင်ကာလတွေတုန်းက ယူနိုက်တက်အသင်း ဝတ်ဆင်ခဲ့တဲ့ ဒီဇိုင်းကို အခြေခံပြီးတော့ ဒီဂျာစီကို ဖန်တီးခဲ့တာပါ။

ယူနိုက်တက်ရဲ့ အဝေးကွင်း ဂျာစီသစ်မှာ အပြာရောင်၊ ပခုံးပေါ်မှာ အဖြူနဲ့အပြာရောစပ်ထားတဲ့အစင်းကြောင်း ၃ ခု ပါဝင်သလို အဲဒီအစင်းကြောင်းတွေက အိုးလ်ထရက်ဖို့ဒ်ကွင်းနားကို ဖြတ်သန်းပြီး မန်ချက်စတာမြို့ထဲမှာ ပေါင်းစည်းကြတဲ့ Irk ၊ Medlock နဲ့ Irwell မြစ်ကြောင်း ၃ ခုကို ကိုယ်စားပြုတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ တရားဝင် အဝေးကွင်းဂျာစီတစ်ထည်တန်ဖိုးက ပေါင် ၁၁ဝ ( မြန်မာကျပ်ငွေနဲ့ လေးသိန်းခွဲကျော်)အထိ ကျသင့်မှာ ဖြစ်တဲ့အပြင် ဈေးအသက်သာဆုံး Version တောင် ပေါင် ၈၀ အထိ တန်ဖိုးရှိပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ပရိသတ်တွေကတော့ သူတို့အသင်းရဲ့အဝေးကွင်းဂျာစီဒီဇိုင်းကို အရမ်းကြိုက်နှစ်သက်နေကြပြီး ပရိသတ်အများစုက နှစ်ပေါင်းများစွာအတွင်း ယူနိုက်တက်အသင်းရဲ့ အလန်းဆုံး ဂျာစီဒီဇိုင်းဖြစ်တယ်လို့ ချီးကျူးနေပါတယ်။

ယူနိုက်တက်အသင်းဟာ တနင်္ဂနွေမနက် မြန်မာစံတော်ချိန် ၆ နာရီခွဲ မှာ အာဆင်နယ်နဲ့ အမေရိကန်၊ လော့စ်အန်ဂျလိစ်မှာ ခြေစွမ်းပွဲယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အဲဒီအဝေးကွင်းဂျာစီကို ဝတ်ဆင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။