မန်ချက်စတာ ယူနိုက်တက်မှာ ကစားသမားဘဝ နားသည်ထိ ကစားချင်နေတဲ့ သရဲနီ ကြယ်ပွင့်လေး
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမား ဒီယာလိုက ယူနိုက်တက် အသင်းမှာ သူ့ရဲ့ ဘောလုံးသမားဘဝ ကုန်ဆုံးတဲ့အထိ ကစားသွားဖို့ ဆန္ဒရှိနေတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
အသက် ၂၂ နှစ်သာ ရှိသေးတဲ့ အိုင်ဗရီကို့စ်သား ဒီယာလိုဟာ ၂၀၂၁ ခုနှစ်က အတ္တလန်တာအသင်းကနေ ယူနိုက်တက်ကို ပေါင် ၃၇.၂ သန်းနဲ့ရောက်ရှိခဲ့ပြီး စီနီယာအသင်းအတွက် ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတာကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်း ရိန်းဂျားစ်၊ ဆန်းဒါးလန်အသင်းတို့မှာ အငှားနဲ့သွားရောက်ကစားခဲ့ရပါတယ်။
လက်ရှိနွေ ရာသီကြိုမှာတော့ ဒီယာလိုဟာ ရိန်းဂျားစ်အသင်းနဲ့ခြေစမ်းပွဲမှ ညာခြမ်းတောင်ပံတိုက်စစ်မှာ ခြေစွမ်းပြကစားပြီး အဖွင့်ဂိုးသွင်းယူခဲ့သလို အာဆင်နယ်နဲ့ပွဲမှာလည်း ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ ဒီမနက် ဘက်တစ်နဲ့ ပွဲမှာလည်း ခြေစွမ်းပြဂိုး သွင်းခဲ့ပါသေးတယ်။

အာမတ် ဒီယာလို က ယူနိုက်တက်အသင်းမှာပဲ ဘောလုံးသမားကုန်ဆုံးတဲ့အထိ ကစားခွင့်ရဖို့ ပစ်မှတ်ထားနေပြီဖြစ်ပါတယ်။
ဘက်တစ်နဲ့ခြေစမ်းပွဲမတိုင်ခင် အင်တာဗျူးမှာ ဒီယာလိုက “ယူနိုက်တက်မှာ နှစ်ပေါင်းများစွာ ဆက်ကစားခွင့်ရဖို့ကိစ္စက ဘာလို့မဖြစ်နိုင်ရမှာလဲ။ ဒီအသင်းမှာ ကျွန်တော် ပျော်ရွှင်နေပြီဖြစ်သလို လူတိုင်းနဲ့လည်း ကျွန်တော် ဆက်ဆံရေးကောင်းပါတယ်။ ယူနိုက်တက်မှာ ဘောလုံးသမားဘဝကုန်ဆုံးတဲ့အထိ ကစားခွင့်ရဖို့က ဘာကြောင့်မဖြစ်နိုင်ရမှာလဲ”
” ပြီးခဲ့တဲ့ရာသီက ကျွန်တော် ပွဲကစားခွင့် သိပ်မရခဲ့ပေမဲ့ လာမဲ့ရာသီမှာတော့ ကျွန်တော်အပါအဝင် ကစားသမားတိုင်းအတွက် အားရကျေနပ်စရာကောင်းတဲ့ ရာသီဖြစ်လာမှာပါ။ အဲရစ်တန်ဟက်နဲ့စကားပြောဆိုခဲ့ပြီး ကျွန်တော် အားတက်စေမဲ့စကားတွေ ပြောခဲ့ပါတယ်။ ”
“အဲရစ်တန်ဟက်ဟာ လူတော်တစ်ယောက်ဆိုတာ အားလုံးသိထားသလို တစ်ခါတလေ သူနဲ့စကားပြောဖြစ်ချိန်တိုင်း သူ့ရဲ့စကားလုံးတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရစေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်မှာ တောင်ပံတိုက်စစ်ကစားသမား အန်တိုနီဟာ အနာဂတ်မသေမချာဖြစ်နေပြီး အဲရစ်တန်ဟက် ကိုယ်တိုင်ကလည်း အခုနှစ်မှာ ဒီယာလို ပိုကောင်းလာဖို့ရှိတယ်လို့ ချီးကျူးစကားဆိုခဲ့တာကြောင့် ဒီယာလိုအတွက် ပွဲကစားခွင့် ပိုရဖွယ် ရှိပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲသာ ကစားခွင့်ရပေမဲ့ ဒီယာလိုဟာ ပါဝင်ကစားခွင့်ရချိန်တိုင်း ပုံစံကောင်းပြသနိုင်ပြီး လီဗာပူးလ်ကို အနိုင်ရတဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲမှာ အဖိုးတန်အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။