ရာသီကြိုမှာ ကစားသမား ၄ ဦး ဒဏ်ရာ ရသွားလို့ လူသစ်တွေ ထပ်ခေါ်ဖို့ မန်ယူအသင်း အရှိန်မြှင့် လုပ်ဆောင်မည်
မန်ချက်စတာ ယူနိုက်တက် ဟာ လက်ရှိ အမေရိက ရာသီကြိုခရီးစဉ်မှာပဲ ဟွိုင်လန်း၊ ရက်ရှ်ဖို့ဒ်၊ ယိုရိုနဲ့ အန်တိုနီတို့ ဒဏ်ရာရရှိခဲ့ပြီးနောက် တိုက်စစ်မှူးနဲ့ ဗဟိုခံစစ်ကစားသမား ခေါ်ယူဖို့ အရှိန်မြှင့် လုပ်ဆောင်နေပြီလို့ သိရပါတယ်။
ဒီနွေမှ ခေါ်ယူထားတဲ့ နောက်ခံလူသစ် ယိုရိုဟာ အာဆင်နယ်နဲ့ ပွဲမှာ ရခဲ့တဲ့ ခြေချောင်းရိုးကျိုးဒဏ်ရာကြောင့် ၃ လ အထိ အနားယူရတော့မှာဖြစ်ပြီး ဟွိုင်လန်းကလည်း တံကောက်ကြောဒဏ်ရာကြောင့် ၆ ပတ်အထိ အနားယူရတော့မှာဖြစ်ပါတယ်။
ကြာသပတေးနေ့မနက်အစောပိုင်းက ရီးရဲလ်ဘက်တစ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ပါ ဒဏ်ရာထပ်ရသွားခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒဏ်ရာပြဿနာက ပိုပြီး ဆိုးရွားလာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာ တိုက်စစ်မှူးဆိုလို့ ဘိုလော့ဂ်ညာကနေ ခေါ်ယူထားတဲ့ ဂျိုရွှာ ဇတ်ဇီးတစ်ဦးတည်းသာ ရှိတော့ပြီး လာမယ့် ၃ ရက်အတွင်း ကစားရမယ့် လီဗာပူးလ်နဲ့ပွဲမှာ ဒတ်ချ်တိုက်စစ်မှူးကို ပွဲထွက်ခွင့်ပေးသွားဖွယ်ရှိနေပါတယ်။
အင်္ဂလန် သတင်းတွေ အဆို အရ မန်ချက်စတာယူနိုက်တက်ဟာ ဟွိုင်လန်းနဲ့ ရက်ရှ်ဖို့ဒ်တို့ကို ဆုံးရှုံးခဲ့ရပြီးနောက် နောက်ထပ် တိုက်စစ်မှူးတစ်ဦး ထပ်မံခေါ်ယူသွားမယ့် အစီအစဉ်ကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးဟာ မန်ချက်စတာယူနိုက်တက်တို့ ခေါ်ယူဖို့ စဉ်းစားနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူးဟာ ဘရန့်ဖို့ဒ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်တော့လို့ ပေါင်သန်း ၅၀ အောက်နဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ယိုရိုနဲ့ တွဲကစားဖို့ နောက်ထပ်ဗဟိုခံစစ်ကစားသမားတစ်ဦးကို ခေါ်ယူသွားဦးမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒီလစ်နဲ့ သဘောတူညီမှု ရရှိထားပြီးဖြစ်သလို အဲဗာတန်နောက်ခံလူ ဘရန့်သ်ဝိတ်ကိုလည်း ဆက်လက် ပစ်မှတ်ထားနေပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အဲဗာတန်ရဲ့ ငြင်းပယ်မှုကို ၂ ကြိမ်အထိ ခံခဲ့ရပြီး ဘရန့်သ်ဝိတ်ကတော့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာချင်ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းရဲ့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးသတ်မှတ်ထားမှုကြောင့် အခက်တွေ့နေတာဖြစ်ပါတယ်။