အာဆင်နယ် ဆွေ့ဆွေ့ခုန်အောင် အကွက်ရွှေ့နိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခေါ်ယူမှု တစ်ခု
အာဆင်နယ် အကယ်ဒမီရဲ့ နာမည်ကြီး ကြယ်ပွင့် ဖြစ်ပေမယ့် ဂန်းနားတို့ နဲ့ ပရိုစာချုပ် မချုပ်ဘဲ အလွတ် အဖြစ် ထွက်ခွာလာတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှုးလေး အိုဘီ မာတင် ကတော့ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့ပြီ ဖြစ်ပါတယ်။
အိုဘီမာတင်ကို ယူနိုက်တက် ထက် ပိုများတဲ့ လုပ်ခ၊ လစာ ခံစားခွင့်တွေနဲ့ ဂျာမန်ကလပ်တွေက ကမ်းလှမ်းခဲ့သော်လည်း ဒိန်းမတ်သားလေးက မန်ချက်စတာ ယူနိုက်တက်ကိုပဲ ရွေးချယ်ခဲ့တာပါ။
ယူနိုက်တက်ဟာ အိုဘီ မာတင်ကို အသင်း ထရိန်နင်သို့ လာရောက်ဖို့ အရင် ဖိတ်ခေါ်ခဲ့ပြီး ကစားသမားလေး ရောက်လာချိန်မှာ နစ္စတယ်ရွိုင်း အပါအဝင် နည်းပြ အဖွဲ့ဝင်တွေက အိုဘီမာတင်အား အသေအချာ စည်းရုံးနိုင်ခဲ့ပါတယ်။

အာဆင်နယ် နဲ့ အတူ လေးနှစ်တာ ရှိခဲ့တဲ့ အိုဘီ မာတင် ဟာ အကယ်ဒမီမှာ ရင်ခုန် စောင့်ကြည့်ရတဲ့ ကြယ်ပွင့် ကစားသမားလေး ဖြစ်ပါတယ်။
ဒိန်းမတ် ဆယ်ကျော်သက် လူငယ်လေးဟာ U18 ပရီးမီးယားလိဂ် မှာ အထူး ခြေစွမ်းပြနေပြီး ၁ဝ ပွဲ ကစား၊ ၈ ဂိုး သွင်း၊ ၂ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။
အိုဘီ မာတင်ရဲ့ နာမည်ကြီး ပွဲ တစ်ပွဲကတော့ လီဗာပူး U16 နဲ့ ရင်ဆိုင်တဲ့ ပွဲတုန်းက အာဆင်နယ် ဟာ ၁၄-၃ နဲ့ အပြတ်အသတ် နိုင်ခဲ့ပြီး အိုဘီမာတင် တစ်ယောက်တည်းတင် ၁ဝ ဂိုး သွင်းယူခဲ့တာပါ။ ဒါ့အပြင် U18 တန်းမှာလည်း နောဝစ်ချ် အသင်းကို ၉-ဝ နဲ့ နိုင်တဲ့ပွဲမှာ တစ်ယောက်တည်း ၇ ဂိုးထိ ဂိုးသွင်းကြမ်းခဲ့ပြန်ပါတယ်။
၁၆ နှစ် အရွယ် တိုက်စစ်မှုးလေးဟာ လူငယ်တန်းမှာတော့ အားလုံးကို လှုပ်ခတ်သွားစေတဲ့ ကစားသမားလေး ဖြစ်နေပါတယ်။ နိုင်ငံတကာ အဆင့်မှာဆိုရင်လည်း ဒိန်းမတ် U17 အသင်းနဲ့ ပါဝင် ကစားနေတာပါ။
အိုဘီမာတင်ရဲ့ Idol ကတော့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး ဟွိုင်လန်း ဖြစ်ပြီး အာဆင်နယ် ပရိသတ်တွေ အတွက်ကတော့ မဟာပြိုင်ဘက်အသင်းထံ အိုဘီမာတင် ပြောင်းသွားတာက ရည်းစား လူလု၊ အူနု ကျွဲခတ် ဆိုသလို အတော် ခံရခက် မကျေမနပ် ဖြစ်နေကြပါတယ်။