နောက်ခံလူ ယိုရိုနဲ့ တိုက်စစ်မှုး ဟွိုင်လန်းတို့ ယူနိုက်တက် ရဲ့ ဘယ်ပွဲစဉ်တွေထိ လွဲချော်နိုင်သလဲ ထွက်ပေါ်လာ

ဒီတလော ဒဏ်ရာ ရသွားတဲ့ မန်ချက်စတာယူနိုက်တက် နောက်ခံလူ ယိုရိုနဲ့ တိုက်စစ်မှူး ဟွိုင်လန်းတို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် ကာလရှည် အနားယူရတော့မှာဖြစ်တယ်လို့ ကလပ်အသင်းဘက်က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လကမှ လိုင်လီကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့သူ ပြင်သစ်လူငယ်နောက်ခံကစားသမား ယိုရိုဟာ အာဆင်နယ်နဲ့ခြေစမ်းပွဲမှာ ခြေချောင်းအရိုးကျိုး ဒဏ်ရာရရှိခဲ့တာကြောင့် ၃ လအထိ အနားယူရတော့မှာဖြစ်ပါတယ်။

ဒါ့အပြင် တိုက်စစ်မှူး ဟွိုင်လန်းကလည်း အာဆင်နယ်နဲ့ပွဲမှာပဲ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ယိုရို လောက် မပြင်းထန်ပေမဲ့ ၆ ပတ်လောက်အထိ နားရဖို့ရှိနေပါတယ်။

အဲဒါကြောင့် သူတို့နှစ်ဦးစလုံးဟာ နောက်တစ်ပတ်၊ စနေနေ့ကျရင် မန်စီးတီးနဲ့ကစားမဲ့ ကွန်မြူနတီဒိုင်းပွဲကို လွဲချော်ဖို့ သေချာသွားတဲ့အပြင် ရာသီအစပိုင်းပွဲတွေ အားလုံးကိုလည်း လွဲချော်ဖို့ နီးစပ်နေပါပြီ။

ယိုရို ဟာ ဖူလ်ဟမ်နဲ့ကစားမဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့် အိမ်ကွင်းပွဲစဉ်၊ လီဗာပူးလ်၊ စပါးတို့နဲ့ပွဲအပါအဝင် ပရီးမီးယားလိဂ် ၁၀ ပွဲလောက်အထိ လွဲချော်ဖို့ရှိပြီး နိုဝင်ဘာလအစပိုင်းမှ ဘောလုံးပြန်ကစားနိုင်ဖွယ် ရှိပါတယ်။

ဟွိုင်လန်းကတော့ ပရီးမီးယားလိဂ်ရာသီအစ ၅ ပွဲလောက်မှာ ပါဝင်နိုင်ဖို့ မရှိပေမဲ့လည်း အခုလောလောဆယ် cryotherapy chamber ကုထုံးနဲ့ ဆေးကုသမှုခံယူနေတာကြောင့် စက်တင်ဘာ လလယ်လောက်ကျရင် ဘောလုံးပြန်ကစားနိုင်ဖို့ရှိပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းဟာ ကစားသမားတွေ ဒဏ်ရာရတဲ့အကြိမ်ပေါင်း ၄၅ ကြိမ်အထိရှိခဲ့ပြီး ကစားသမား ၂၁ ဦးဟာ ဒဏ်ရာကြောင့် အနားယူခဲ့ရပါတယ်။

ဒီရာသီမှာတော့ ကစားသမားတွေ ဒဏ်ရာပြဿနာကင်းစင်ဖို့ အဲရစ်တန်ဟက် မျှော်လင့်နေပေမဲ့လည်း ရာသီကြိုခြေစမ်းပွဲမှာပဲ ယော်ရို၊ ဟွိုင်လန်းတို့ ဒဏ်ရာနဲ့ရင်ဆိုင်ခဲ့ရလို့ အဲရစ်တန်ဟက်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါပြီ။

ဒါ့အပြင် ဘက်တစ်နဲ့ခြေစမ်းပွဲမှာလည်း အဓိကတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ ဒဏ်ရာတွေရရှိခဲ့တဲ့အတွက် လူစားလဲ ခဲ့ရပါတယ်။