လီဗာပူးကို ဂိုးပြတ်သွားတယ် ဆိုပေမယ့် မန်ယူက ကောင်းရှုံးကြီးပါ ဆိုတဲ့ နည်းပြ တန်ဟက်ရဲ့ ဆင်ခြေစကား
ဒီမနက် အမေရိကန်မှာ ယှဉ်ပြိုင်ကစားတဲ့ ရာသီကြို ခြေစမ်းပွဲ အဖြစ် မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နည်းပြသစ် ဆလော့ တာဝန်ယူနေတဲ့ လီဗာပူးအသင်းက ၃-၀ ဖြင့် ဂိုးပြတ် နိုင်သွားပါတယ်။
မန်ချက်စတာ ယူနိုက်တက်မှာ ခြေစမ်းပွဲ ဆိုတာ မရှိဘူးလို့ ကြွေးကြော်ဖူးတဲ့ တန်ဟက် အတွက် ဒီလို ဂိုးပြတ် အရှုံးဟာ များများစားစား ဆင်ခြေပေးစရာ မရှိပါဘူး။
ဒါပေမယ့် နယ်သာလန်သား နည်းပြကြီးကတော့ ဂိုးပြတ် ရှုံးတယ် ဆိုပေမယ့် မန်ယူအသင်းကလည်း ကောင်းခဲ့ပါတယ် ဆိုပြီး ပွဲပြီးစကား ဆိုခဲ့ပါတယ်။

” ဖီလင်တွေကတော့ ရောထွေးနေတယ် ပြောရမယ်။ ကျွန်တော်တို့ ဂိုးတွေ ပေးရတာကို မပျော်ဘူးပေါ့၊ ဒါ သေချာပါတယ်။
သူတို့က သိပ်ကောင်းတဲ့ အသင်း တစ်သင်းပါ။ တွန်းတွန်းတိုက်တိုက် ကစားတယ်၊ ဂိုးသွင်းနိုင်စွမ်းလည်း သိပ်ကောင်းတယ်၊ သူတို့ တကယ်ကောင်းကောင်း လုပ်ပြသွားတာပါ။
ကျွန်တော်တို့ အသင်း ဂိုးတွေပေးလိုက်ရပုံကို သဘောမကျပါဘူး။ ဒါပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာတော့ အကောင်းမြင်စရာလေးတွေ ရှိခဲ့တယ်။ ပထမဂိုးက အရေးကြီးတာပါပဲ။ လီဗာပူးက တကယ် ထိထိရောက်ရောက် သေချာ လုပ်ပြသွားတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိ နွေ ရာသီကြိုမှာ ခြေစမ်းပွဲ ၅ ပွဲ ကစားထားပြီး ၂ ပွဲနိုင်ကာ ၃ ပွဲ ရှုံးထားပါတယ်။