အဖိုးချိုချိုနဲ့ ရမယ့် မိုနာကို ကွင်းလယ်ကစားသမား ကို မီလန်လက်က ဝင်လုဖို့ မန်ချက်စတာ ယူနိုက်တက် ဆွေးနွေးနေ
မန်ချက်စတာ ယူနိုက်တက်အသင်းက အသင်း ကွင်းလယ်ပိုင်းအတွက် အူဂါတေက တန်ကြေး မြင့်မားလွန်းနေတာကြောင့် လက်လျှော့လိုက်ပြီးနောက် တခြားသော ကွင်းလယ်ပစ်မှတ်တွေကိုပဲ ဆက်လက် ကြိုးပမ်းနေလျက် ရှိနေပါတယ်။
အူဂါတေကို မရခဲ့ရင် အစားထိုး ပစ်မှတ်တွေ အဖြစ် ယူနိုက်တက်က ဇူဘီမန်ဒီ၊ ရာဘီရော့၊ ဖိုဖာနာ၊ အမ်မရာဘတ်နဲ့ ဆန်ဒါဘတ်ချ်တို့ကို ချိန်ရွယ်ထားလျက် ရှိနေပြီး မနေ့ကတော့ ဘန်လေရဲ့ နော်ဝေ ကွင်းလယ်လူ ဆန်ဒါဘတ်ချ်နဲ့ ဆွေးနွေးနေပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အခုလည်း Sky Sports ရဲ့ ဖော်ပြချက်အရ မိုနာကို ကွင်းလယ်လူ ဖိုဖာနာ နဲ့လည်း ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အသက် (၂၅)နှစ်သာ ရှိသေးတဲ့ ပြင်သစ် ကွင်းလယ်ကစားသမား ဖိုဖာနာဟာ လက်ရှိမှာတော့ မိုနာကို အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိနေတော့တာမို့ မိုနာကို အသင်းဘက်ကနေ ပြောင်းရွှေ့ကြေး ယူရို (၂၅)သန်းလောက်နဲ့ ရောင်းချသွားဖို့ ဆန္ဒရှိလို့နေပါတယ်။
တကယ်တော့ အေစီမီလန်အသင်းက ဖိုဖာနာ ကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ သဘောတူညီမှုကို အစောကတည်းက ရရှိထားခဲ့တာ ဖြစ်ပေမယ့်လည်း မီလန်နဲ့ မိုနာကို တို့ သဘောတူညီမှု မရသေးတဲ့အတွက် ဒီအခြေအနေမှာ ယူနိုက်တက်က ကြားဖြတ် ဝင်ရောက်လာရင်း ဖိုဖာနာရဲ့ အေးဂျင့်နဲ့ရော မိုနာကိုနဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့က အသင်းရဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ ကက်စီမဲရိုး အဲရစ်ဆင် တွမ်မီနေးတို့ကို ရောင်းချဖို့လည်း ခက်ခဲနေပြီး အဲရစ်ဆင်လောက်ပဲ အသင်းကနေ ထွက်ခွာနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတာကြောင့် ယူရို (၂၅)သန်းလောက်နဲ့ ခေါ်နိုင်မယ့် ဖိုဖာနာ ကို ပိုမို မျက်စိကျလာခဲ့ပါတယ်။
Sky Germany သတင်းထောက် ဖလော်ရီယန် ပလက်တန်ဘတ် ဖော်ပြချက်မှာတော့ ယူနိုက်တက်ဟာ ဖိုဖားနားကို ချဉ်းကပ်နေစဉ်အတွင်း အသင်းရဲ့ ပရောဂျက်တွေပါ ကစားသမားကို ချပြခဲ့တယ်လို့ သိရပါတယ်။