မန်ယူနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ဘယ်သူဖလားပိုက်သွားမလဲ သရဲနီဟောင်းကြီး ခန့်မှန်း

ဒီအပတ် စနေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ရဲ့ ကွန်မြူနတီဒိုင်းပွဲ မှာ ဘယ်လိုရလဒ် ထွက်ပေါ်လာနိုင်သလဲ ဆိုတာကို ယူနိုက်တက် တိုက်စစ်သမားဟောင်းကြီး လီရှပ်က သုံးသပ် ခန့်မှန်းသွားပါတယ်။

ဒီပွဲ မတိုင်ခင်မှာ ယူနိုက်တက်မှာ ဒဏ်ရာ ပြဿနာတွေများနေသလို မန်စီးတီးကလည်း အဓိက တိုက်စစ်သမား အဲဗာရက်စ်အား အက်သလက်တီကို အသင်းထံ ရောင်းချမှာဖြစ်လို့ နှစ်သင်းလုံးကတော့ ကစားသမားတွေ အစုံအလင် မရှိသေးပါဘူး။

မန်ချက်စတာ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် အောင်မြင်ခဲ့သလို ကွန်မြူနတီဒိုင်း ၃ ကြိမ်ပါ အနိုင်ရဖူးတဲ့ လီရှပ်ကတော့ ဒီပွဲမှာ ယူနိုက်တက်ကပဲ အသာရသွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

လီရှပ်က နည်းပြ တန်ဟက်ရဲ့ နည်းစနစ်တွေဟာ စီးတီးနည်းပြ ဂွာဒီယိုလာကို ဒုက္ခပေးနိုင်တယ်လို့ ယုံကြည်နေပါတယ်။

“ မေလတုန်းက အက်ဖ်အေ ဖိုင်နယ်ပွဲမှာ တန်ဟက်ရဲ့ နည်းစနစ် အလုပ်ဖြစ်ခဲ့တယ်လို့ ကျနော် ထင်မိတယ်။ ရုပ်ပိုင်းဆိုင်ရာအရကော စိတ်ပိုင်းဆိုင်ရာမှာပါ အတောင့်တင်းဆုံးဆိုတဲ့ မန်စီးတီးအသင်းကို မြင်ရမယ်လည်း မထင်ဘူး။

ဒီအပတ်မှာ မန်စီးတီးထံက အရမ်းကောင်းတဲ့ စွမ်းဆောင်ရည် မြင်ရမယ် မထင်မိပါဘူး။ ပွဲကတော့ ခက်ခဲမှာပါ။ တန်ဟက်ကလည်း စီနီယာတွေ အရှိန်ပြည့် မရသေးလို့ လူငယ်အချို့ကို ထည့်သုံးမှာပါ။

ပွဲကောင်းတစ်ပွဲကြည့်ရမယ်လို့ ကျနော် မှန်းဆမိတယ်။ ပုံမှန် မိနစ် ၉၀ မှာ သရေကျပြီး ပင်နယ်တီမှာ ယူနိုက်တက် နိုင်သွားပါလိမ့်မယ် ” လို့ သရဲနီဟောင်းကြီးက ခန့်မှန်းပေးသွားတာ ဖြစ်ပါတယ်။