မန်ယူတိုက်စစ်မှုးသစ် ဇက်ဇီး အတွက် မျှော်လင့်ချက်ကြီး ရှိပေမယ့် တိုက်စစ် ထပ်ခေါ်ဖို့ အိုဝင် သုံးသပ် တိုက်တွန်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေမှာ နယ်သာလန် တိုက်စစ်ကစားသမား ဂျိုရှုအာ ဇက်ဇီးကို ခေါ်ယူထားခဲ့ပေမယ့်လည်း ဈေးကွက်မပိတ်ခင် နောက်ထပ် တိုက်စစ်မှူးတစ်ဦးကို ထပ်မံ ခေါ်ယူသွားရမယ်လို့ မန်ယူ တိုက်စစ်ဟောင်းကြီး မိုက်ကယ် အိုဝင်က သုံးသပ် ပြောဆိုလိုက်ပါတယ်။

ဒီနွေမှာ ယူနိုက်တက်အသင်းကနေ တိုက်စစ်မှူး အန်တိုနီ မာရှယ် ထွက်ခွာသွားခဲ့ပေမယ့် ဇက်ဇီးကို အစားထိုး ခေါ်ယူနိုင်ခဲ့သလို အသင်းမှာလည်း ဟွိုင်လန်း၊ ရပ်ရှ်ဖို့ဒ်၊ ဆန်ချို၊ အန်တိုနီ၊ အာမတ်၊ ဂါနာချို၊ ပယ်လစ်စထရီတို့လို တိုက်စစ်ကစားသမားတွေ အစုံအလင် ရှိနေပါတယ်။

ဒါပေမယ့် ဆန်ချို အန်တိုနီနဲ့ ပယ်လစ်စထရီတို့က အနာဂတ် မသေချာတော့သလို ဟွိုင်လန်းကလည်း ဒဏ်ရာကြောင့် (၆)ပတ်ခန့် အနားယူနေရပါတယ်။

တိုက်စစ်မှုးသစ် ဇက်ဇီးကလည်း ပရီးမီးယားလိဂ်မှာ အံ့ဝင်နိုင်ဖို့ ယူနိုက်တက် ကစားပုံနဲ့ အံ့ဝင်ခွင်ကျ ဖြစ်ဖို့က အချိန်ယူရဖွယ် ရှိပါသေးတယ်။

ဒါကြောင့် ယူနိုက်တက်ရဲ့ တိုက်စစ်အခြေအနေနဲ့ ပတ်သက်ပြီး အိုဝင်က “ဂျိုရှုအာ ဇက်ဇီးက မန်ချက်စတာ ယူနိုက်တက်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်ပေမယ့် ရာသီသစ်အစမှာ သူတို့ဟာ တိကျတဲ့ ကစားဟန်နဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်မလား ဆိုတာကို စောင့်ကြည့်ရပါမယ်။”

“ဒီကစားသမားက ဂိုးတွေ သွင်းယူရာမှာ ထူးချွန်တဲ့ ပုံစံမျိုး မပေါ်ပေမယ့် သေချာတာကတော့ ယူနိုက်တက်အနေနဲ့ သူတို့အတွက် ဂိုးတွေ များများ သွင်းယူပေးနိုင်မယ့် နေရာမှာ အားကောင်းဖို့ လိုအပ်နေပါသေးတယ်။

အရင်တုန်းက ယူနိုက်တက်အသင်းတွေဆီ ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း သူတို့မှာ ထိပ်တန်း တိုက်စစ်မှူး (၄)ဦးလောက် ရှိခဲ့ဖူးပါတယ်။ အသင်းကလည်း မကြာသေးမီ နှစ်များအတွင်း ဂိုးသွင်းရှင်တွေ ရှားပါးနေတာကြောင့် အရည်အသွေးကောင်းတဲ့ ကစားသမားတစ်ဦးကို ခေါ်ယူတာက မမှားပါဘူး။”

“နောက်တစ်ဆင့်ကတော့ သူ ဘာတွေ လုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်သွားရုံပါပဲ။ ဒါပေမယ့် ပြောစရာလိုတာကတော့ ယူနိုက်တက်အတွက်က နစ္စတဲရွိုင်းတို့ ဗန်ပါစီတို့ ရွန်နီတို့လို ဂိုးတွေ လှိုင်လှိုင် သွင်းယူပေးနိုင်မယ့် ကစားသမားမျိုးပါ။

အခုကတော့ ဇက်ခ်ဇီးကိုပဲ စောင့်ကြည့်သွားရတော့မှာ ဆိုပေမယ့် နောက်ထပ် ကစားသမားတစ်ဦး ရလိုက်မယ်ဆိုရင်လည်း ဒါက ယူနိုက်တက်အတွက် အပေါင်းလက္ခဏာ ဆောင်ပါလိမ့်မယ်။” လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။