ယာယီနည်းပြသစ် ခန့်ဖို့ကို ထပ်ရှာနေတဲ့ မန်ယူ၊ ဘိုင်လီကို ချိန်လာတဲ့ ကွန်တီနဲ့ ယနေ့ည မန်ယူ သတင်းများ

စပါးအသင်းရဲ့နည်းပြသစ် အန်တိုနီယိုကွန်တီက လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်ရင် မန်ယူမှာ ပွဲထွက်ကစားခွင့်တွေ အလွန်နည်းပါးလျက်ရှိနေတဲ့ နောက်ခံကစားသမား အဲရစ်ဘိုင်လီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုက ဗီလာရီးရဲကို အနိုင်ယူကာ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့် တက်ရောက် သွားပြီးနောက် ထူးခြားတဲ့ ခံစားချက်တွေရှိနေတဲ့ စပိန်မှာ ဂိုးသွင်းရတာ ကျေနပ်စရာဖြစ်ကြောင်း၊ သူတို့ဟာ မန်ယူ အသင်းဖြစ်ပြီး တိုက်ပွဲ ဝင်လိုစိတ် ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ကြောင်း၊ နိုင်ပွဲအတွက် အသင်းသားတွေကို ဂုဏ်ပြုလိုကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူ နည်းပြသစ်အဖြစ် ဇီဒန်းကိုမြင်တွေ့လိုကြောင်း မန်ယူ တိုက်စစ်မှူးဟောင်း လူးဝစ်ဆာဟာက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဇီဒန်းဟာ ခမ်းနားတဲ့ ကစားသမားဖြစ်ရုံမက မန်ယူကို ကိုင်တွယ်ဖို့အတွက်လည်း လုံလောက်တဲ့ အရည်အသွေး ရှိကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုအနေနဲ့ တကယ်လို့ မန်ယူကို ကိုင်တွယ်ဖြစ်ခဲ့ရင် အက်သလက်တီကို နောက်ခံလူ ထရစ်ပီယာနဲ့ ဆီဗီးလ် နောက်ခံလူကွန်တီတို့ကို ခေါ်ယူပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။ ပိုချက်တီနို က စပါးမှာ လက်တွဲခဲ့တဲ့ ထရစ်ပီယာနဲ့ အိုးထရက်ဖို့ဒ်မှာ ပြန်ပေါင်းစည်းလိုနေတာ ဖြစ်ပါတယ်။

မန်ယူအနေနဲ့ အမြဲတမ်းနည်းပြ မခန့်အပ်ခင် ယာယီနည်းပြတစ်ဦး ခန့်အပ်ထားလိုနေပြီး ဒေါ့မွန်နည်းပြဟောင်း ဖက်ရီနဲ့ လိုင်ယွန်နည်းပြဟောင်း ဂါစီယာတို့ကို အင်တာဗျူး ပြုလုပ်ခဲ့ကြောင်းတယ်လီဂရပ်က ဖော်ပြထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ လင်ဂတ်အနေနဲ့ အသင်းကနေ ထွက်ခွာလိုလျက် ရှိနေဆဲ ဖြစ်ကြောင်း ဒေးလီးမေးလ် က ဖော်ပြထားပါတယ်။ လင်ဂတ်အနေနဲ့ ဆိုးလ်ရှား လက်အောက်မှာ နေရာရဖို့ရုန်းကန်ခဲ့ရပြီး သူ့စာချုပ်က ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ကာ ဇန်နဝါရီမှာအသင်းပြောင်းဖို့ စီစဉ်နေတာပါ။

မန်ယူ အသင်းခေါင်းဆောင် မက်ဂွဲရားက အသင်းအတွက် ပထမဆုံး ဂိုးသွင်းနိုင်ခဲ့တဲ့ ဆန်ချိုနဲ့ ပတ်သက်ပြီး ဝမ်းမြောက် လျက်ရှိနေကာ အင်စတာဂရမ်ကနေ ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။

လက်စတာနည်းပြ ရော်ဂျာက သူ့အနေနဲ့ မန်ယူ အသင်းကို ကိုင်တွယ်မယ်ဆိုတဲ့ သတင်းတွေကို ထပ်မံ ငြင်းဆန်သွားခဲ့ပြီး ဒါတွေက ကောလာဟလတွေသာ ဖြစ်ကြောင်း၊ မန်ယူအနေနဲ့ အမြဲတမ်း နည်းပြ မထွက်ခင်အထိ ကောလာဟလတွေ ထွက်နေမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။