မန်ချက်စတာ ယူနိုက်တက်ကို စာရင်းထဲ ထည့်တွက် မထားတဲ့ မိုက်ကယ်အိုဝင်ရဲ့ ပရီးမီးယားလိဂ် ခန့်မှန်းချက် အသစ်

မန်ယူနဲ့ လီဗာပူး တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က လာမယ့် ၂၀၂၄-၂၅ ဘောလုံး ရာသီသစ်မှာ ချန်ပီယံဖြစ်မယ့်အသင်းနဲ့ ထိပ်ဆုံး ၄ သင်းဝင်မယ့် အသင်းတွေကို သုံးသပ် ခန့်မှန်းလိုက်ရာ ထူးခြားတဲ့ ခန့်မှန်းမှုတွေ ပါဝင်နေပါတယ်။

အိုဝင်က အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ကို အဆင့် ၄ ထဲ ဝင်မယ်လို့ မထည့်သွင်းခဲ့သလို ချယ်ဆီးနဲ့ စပါးတို့ကိုလည်း ဖယ်ထုတ်ထားခဲ့တာပါ။

ပရီးမီးယားလိဂ် ၃ နှစ် ဆက်တိုက် ချန်ပီယံ ဖြစ်ထားတဲ့ မန်စီးတီးဟာ ဒီရာသီမှာ အဆင့် ၄ ထိ ကျဆင်းသွားမယ်လို့ အိုဝင်က အံံအားသင့်ဖွယ် ပြောဆိုခဲ့ပါတယ်။

‘ လူတိုင်းက ထိပ်ဆုံး ၄ သင်းအတွက် သူတို့ရဲ့ ခန့်မှန်းမှာ အာဆင်နယ်နဲ့ မန်စီးတီးတို့ကို ထည့်သွင်းကြမှာပါ။ နည်းပြသစ်နဲ့ အတူ လီဗာပူးအသင်း အံဝင်မလား မေးခွန်းထုတ်မှုရှိပေမယ့် ကျနော်ကတော့ သူတို့လည်း ထိပ်ဆုံး ၄ သင်းထဲ ပါလာမယ် ထင်ပါတယ်။

နယူးကာဆယ်ရော အဆင့် ၄ထဲ ဝင်မလား စဉ်းစားပေမယ့် အက်စတွန်ဗီလာက ပိုပြီး ကျစ်လစ်သလို သူတို့က ဆက်ပြီး တိုးတက်လာနေတယ်။

ကျနော်ကတော့ မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလား ထပ်ရမယ် မထင်ဘူး။ သူတို့ နည်းနည်းတောင် ကျဆင်းသွားနိုင်တယ်။ ရာသီအစ ၁၀ ပွဲမှာ သူတို့ ဖလားပြိုင်ဆိုင်မှုထဲ မပါရင် အခြားတစ်ခုခုကိုပဲ ဦးစားပေးသွားနိုင်တယ်။

ဒီရာသီက ကြီးကြီးမားမား အံ့အားသင့်စရာတွေ မြင်ရမှာပါ။ အာဆင်နယ် ချန်ပီယံဖြစ်မယ်၊ လီဗာပူး ဒုတိယ၊ အက်စတွန်ဗီလာ တတိယနဲ့ မန်စီးတီးအသင်းက စတုတ္ထမှာ ရပ်တည်ပါလိမ့်မယ်။ ’ လို့ အိုဝင်က ခန့်မှန်းခဲ့တာဖြစ်ပါတယ်။