မန်ချက်စတာ ယူနိုက်တက်ရဲ့ တကယ့် အားနည်းချက် ရင်းမြစ်က ဘာလဲ ထောက်ပြလိုက်တဲ့ ရွိုင်ကိန်း

သရဲနီဟောင်းကြီး ရွိုင်ကိန်းကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွန်မြူနတီဒိုင်းပွဲ ရှုံးပွဲ အပြီးမှာ ယူနိုက်တက်ရဲ့ တကယ့် ပြသနာက ဘာလဲ ဆိုတာ သုံးသပ် ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ မိနစ် ၈ဝ ကျော်မှ သွင်းခဲ့တဲ့ ဂါနာချိုရဲ့ ဦးဆောင်ဂိုးကြောင့် ပွဲကို အနိုင်ရပြီ ထင်ခဲ့ကြတာပါ။ ဒါပေမယ့် စီးတီးက ၈၉ မိနစ်မှာ ချေပဂိုး ပြန်သွင်းလိုက်ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ ယူနိုက်တက်တို့ အရေးနိမ့်ခဲ့ရပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင်းကြီး ရွိုင်ကိန်းကတော့ အသင်းမှာ ဘာက ပြသနာ ရှိနေလဲ ဆိုတာကို ပွဲအပြီး ITV ကနေ သုံးသပ်သွားပါတယ်။

” မန်ချက်စတာ ယူနိုက်တက် လူစာရင်းက အတော် တောင့်တင်းနေပြီ။ ဒါပေမယ့် ပြဿက အသင်းမှာ ဒဏ်ရာရတာတွေ များလွန်းနေတာပဲ။

သူတို့သာ ကစားသမား တော်တော်များများကို fit ဖြစ်အောင် ထိန်းနိုင်မယ် ဆိုရင် ရာသီအစတည်းက တာထွက် ကောင်းနေမှာ လို့ ကျွန်တော် ထင်တယ်။

အခုက အဆုံးထိ အသင်းသားတွေ သန်သန်မာမာ မဖြစ်နေဘူး။ ဒီနေ့ပွဲလို ပွဲပြီးခါနီးမှာ ဂိုးတွေ ပေးနေရတာကို ရှောင်လွှဲဖို့ ဆိုရင် သံမဏိလို မာကျောနေမှ ရမယ်။ ” လို့ ရွိုင်ကိန်းက ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ ကွန်မြူနတီဒိုင်းပွဲမှာ ဟွိုင်လန်း၊ လုခ်ရှော၊ ဝမ်ဘစ်ဆာကာနဲ့ ယိုရို တို့ကို ဒဏ်ရာတွေကြောင့် ထည့်သွင်း မကစားနိုင်ခဲ့ပါဘူး။