ယူနိုက်တက် ဂိုးသမား အိုနာနာရဲ့ အူကြောင်ကျား ပင်နယ်တီ ဖမ်းတဲ့ အကွက်တွေကို စိတ်ပျက် ဝေဖန်မှုတွေ ရှိနေ

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား အိုနာနာရဲ့ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲက ပင်နယ်တီ ဖမ်းတဲ့ပုံစံအပေါ် ပရိသတ်တွေ ကတော့ စိတ်ပျက်လက်ပျက်နဲ့ ဝေဖန်နေကြပါတယ်။

ယူနိုက်တက်အသင်းဟာ ဂါနာချိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဘာနာဒိုဆေးလ်ဗားက ချေပဂိုးပြန်သွင်းခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ဆန်ချို၊ အီဗန်စ်တို့ ဂိုးမဝင်ခဲ့တာကြောင့် ၇-၆ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာ အိုနာနာဟာ ဘာနာဒိုဆေးလ်ဗားရဲ့ကန်ချက်ကိုသာ ကာကွယ်နိုင်ခဲ့ပြီး ကျန်တဲ့အကြိမ်တိုင်း ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

မန်စီးတီး တိုက်စစ်မှူးဟာလန်း ပင်နယ်တီကန်ဖို့ ပြင်ဆင်နေချိန်မှာ အိုနာနာက Mind Game လုပ်တဲ့အနေနဲ့ သူ့ရဲ့ဘယ်ဘက်ကို ကန်ဖို့ ပြောင်စပ်စပ် မျက်နှာပေးနဲ့ အမူအရာလုပ်ပြခဲ့ပေမဲ့ ဟာလန်းဟာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပင်နယ်တီကန်သွင်းခဲ့ပြီး ဂိုးသွင်းပြီးချိန်မှာ ဟာလန်းက အိုနာနာကို လှောင်ပြုံးလေးပြုံးပြခဲ့ပါတယ်။

အဲဒီနောက် ရူဘင်ဒီယက်စ် ပင်နယ်တီကန်ချိန်မှာလည်း အိုနာနာက သူ့ရဲ့နည်းဗျူဟာအတိုင်း ထပ်လုပ်ပေမဲ့ အကျိုးမရှိဘဲ ဂိုးပေးခဲ့ရပါတယ်။

ကွန်မြူနတီဒိုင်းပွဲအပြီးမှာ ယူနိုက်တက်ပရိသတ်တွေက အိုနာနာရဲ့ပယ်နယ်တီဖမ်းတဲ့ပုံစံအပေါ် ဝေဖန်ခဲ့ပြီး နောက်ထပ် မလုပ်ဖို့ တောင်းဆိုနေခဲ့ကြပါတယ်။

အိုနာနာဟာ အာဆင်နယ်နဲ့ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲတုန်းကလည်း ဂါဘရီယဲလ် ပင်နယ်တီကန်ချိန်မှာ အဲဒီလိုပုံစံနဲ့ အာရုံများအောင် ကြိုးစားခဲ့ပေမဲ့ အရာမထင်ဘဲ ဂိုးပေးခဲ့ရပြီး ပင်နယ်တီကန်ပြီးချိန်မှာ ဂါဘရီယဲလ်က အိုနာနာကို ပါးစပ်ပိတ်ထားဆိုတဲ့ အမူအရာနဲ့တုံ့ပြန်ခဲ့ပါတယ်။