နှစ်ခါ တန်းဆင်းဖူးတဲ့ ကစားသမားကို မန်ချက်စတာ ယူနိုက်တက် ခေါ်ဖို့ ချိန်နေလို့ ဝမ်နင်ကြီးကြီးပေးလိုက်တဲ့ သရဲနီဟောင်း
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေ အစောပိုင်းတည်းက ပစ်မှတ်ထားနေတဲ့ ကွင်းလယ်ကစားသမား အူဂါတေးကို ခေါ်ယူဖို့ ခက်ခဲနေတာကြောင့် ဘန်လေမှ နော်ဝေ ကွင်းလယ်လူ ဆန်ဒါဘာ့ချ်ကိုသာ ပြောင်းလဲ ချိန်ရွယ်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဆန်ဒါဘာ့ချ် ကိုသာ ခေါ်မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထပ်လွဲရလိမ့်မယ်လို့ မန်ယူ ကစားသမားဟောင်းကြီး ပေါလ် ပါ့ကားက သုံးသပ် သတိပေးလိုက်ပါတယ်။
ယူနိုက်တက်က ဒီနွေမှာ တိုက်စစ်ပိုင်းအတွက် နယ်သာလန် တိုက်စစ်ကစားသမား ဂျိုရှုအာ ဇက်ခ်ဇီးနဲ့ ခံစစ်ပိုင်းအတွက် ပြင်သစ် နောက်ခံကစားသမားလေး လန်နီ ယိုရိုတို့ကို ခေါ်ယူလိုက်နိုင်ပေမယ့် ကွင်းလယ်ပိုင်းကို ထပ်မံ အားဖြည့်သွားဖို့ကတော့ လိုအပ်နေပါသေးတယ်။
ဒါပေမယ့် အဓိက ပစ်မှတ် အူဂါတေး အဆင်မပြေတာကြောင့် ယူနိုက်တက် ရဲ့ အစားထိုး ပစ်မှတ်ထဲမှာ ဘန်လေ ကွင်းလယ်လူ ဆန်ဒါဘာ့ချ်ပါ ပါဝင်လာပါတယ်။
ဆန်ဒါဘာ့ချ်နဲ့ ပတ်သက်ပြီး ယူနိုက်တက် ကစားသမားဟောင်း ပေါလ်ပါ့ကားကတော့ ခါးခါးသီးသီး ဖြစ်နေပြီး အခုလို သတိပေးလိုက်ပါတယ်။

“ဒီကစားသမားက အခုဆို (၂)ကြိမ်တောင် တန်းဆင်းထားခဲ့တာမလား။ (၂)ကြိမ်ဆက်တိုက်တောင် တန်းဆင်းထားဖူးတာဆိုတော့ သူက ကံကောင်းမှုတွေ ယူဆောင်လာနိုင်တဲ့ ကစားသမားမျိုး ဖြစ်မနေတာ သေချာနေပါတယ်။
ယူနိုက်တက်အနေနဲ့ ဒီတစ်ကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ချင်မှာ မဟုတ်ပါဘူး။ ဒါက မီဒီယာတွေရဲ့ တွန်အားပေးတစ်ခုပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အနေနဲ့ အနည်းဆုံး နောက်ထပ် ကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
သူတို့က ကက်စီမဲရိုး ရောင်းချပြီး အဲ့ဒီကနေ ပိုက်ဆံရဖို့ ရှိနေပေမယ့် အခု သူက ဆော်ဒီဆီကိုလည်း ပြောင်းပုံမရတော့ ခက်ခဲနေရပါတယ်။” လို့ မှတ်ချက်ပြုလိုက်ပါတယ်။
ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းအတွက် ဆန်ဒါဘာ့ချ်အပြင် မိုနာကို ကွင်းလယ်လူ ဖိုဖားနား၊ ဆိုစီဒက် ကွင်းလယ်ကစားသမား ဇူဘီမန်ဒီ၊ ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်မရာဘတ်၊ ဂျုဗင်တပ်စ် ကစားသမားဟောင်း ရာဘီအော့တို့အပြင် ပစ်မှတ်ဟောင်း ဒီဂျောင်ကိုပါ ချိန်ရွယ်နေပါတယ်။