တိုနေးကို အလွတ်နဲ့ လွှတ်ရခါနီးလို့ ဘရန့်ဖို့ဒ် တိုင်ပတ်နေတာကို အခွင့်ကောင်း ယူမယ့် မန်ယူနဲ့ ချယ်ဆီး
မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ဟာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တိုနေးကို အခု နွေဈေးကွက်ပိတ်ခါနီးမှာမှ အပြိုင်အဆိုင် ကမ်းလှမ်းဖို့ ပြင်ဆင်နေကြပါတယ်။
နှစ်သင်းလုံးဟာ တိုနေးအတွက် အပြီးသတ် ခေါ်ယူခွင့်ပါ ပါဝင်မယ့် တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူမှု ပြုလုပ်သွားဖို့အတွက် ဘရန့်ဖို့ဒ်အသင်းထံ ကမ်းလှမ်းဖွယ် ရှိနေကြပါတယ်။
အသက် (၂၈)နှစ်အရွယ် အင်္ဂလန်သား တိုက်စစ်ကစားသမား တိုနေးဟာ လောင်းကစား ကိစ္စတွေကြောင့် ပွဲပယ်မခံရခင်က ဘရန့်ဖို့ဒ်က သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၁၀၀)အထိပင် တန်ကြေး သတ်မှတ်ခဲ့ပါသေးတယ်။
ဒါပေမယ့် နွေဈေးကွက်က ပိတ်ခါနီး ဖြစ်လာချိန်မှာတော့ ဘရန့်ဖို့ဒ်က တိုနေးရဲ့ တန်ကြေးကို ပေါင် သန်း(၆၀)လောက် အထိ လျှော့ချပေးခဲ့ပေမယ့် တိုနေးနဲ့ ဘရန့်ဖို့ဒ်တို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်မှာပဲ ကုန်ဆုံးတော့မှာဖြစ်လို့ စာချုပ် တစ်နှစ်သာ ကျန်ရှိနေပါတော့တယ်။

လက်ရှိမှာတော့ တိုနေးကို ခေါ်ယူဖို့ မန်ယူနိုက်တက်နဲ့ ချယ်ဆီးတို့က စိတ်ဝင်စားနေကြပေမယ့် စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိနေတော့တဲ့ ကစားသမားအတွက် ပေါင်သန်း(၆၀)လောက်အထိ အသုံးပြုသွားဖို့ ဆန္ဒမရှိတဲ့အတွက် အငှား + အပြီးသတ် ကမ်းလှမ်းချက်နဲ့ပဲ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။
ချယ်ဆီးရော မန်ယူနိုက်တက်ရော အသင်းမှာ တိုက်စစ်ကစားသမားတွေ အမြောက်အများ ရှိကြပေမယ့်လည်း ဒီနှစ်သင်းလုံးအတွက် အထောင်တိုက်စစ်နေရာ ကစားနိုင်တဲ့ တိုက်စစ်မှူးတစ်ဦးလောက် ထပ်မံ ဖြည့်တင်းနိုင်မယ်ဆိုရင် တိုက်စစ်ပိုင်းက အင်အား တောင့်တင်းသွားမှာဖြစ်လို့ တိုနေးကို အပြိုင် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်က ဒီရာသီမှာ ဘိုလော့ဂ်နာအသင်းရဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဇက်ဇီးကို ခေါ်ယူထားပြီး ချယ်လ်ဆီးကလည်း နက်တို ဂီယူတို့ကို ခေါ်ယူထားနိုင်ပေမယ့် နှစ်သင်းလုံးက အိုင်ဗန် တိုနေးလို ဂိုးသွင်းအားကောင်းတဲ့ အထောင်တိုက်စစ်မှူးတစ်ဦးကို လိုအပ်နေသေးပြီး ဈေးကွက်မပိတ်ခင်မှာ အပြိုင် ကမ်းလှမ်းလာကြဖို့ ရှိနေပါတယ်။