မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်အပြီး တက်ကြွနေတဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ရင်ဖွင့်စကား
မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ အိုးထရက်ဖို့ဒ်တွင် ၂၀၂၇ ခုနှစ် ဇွန်လအထိ ရှိနေမဲ့ စာချုပ်သစ်အား ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပေါ်တူဂီလက်ရွေးစင်စတားရဲ့ စာချုပ်သစ်တွင် နောက်ထပ် ၁၂ လ သက်တမ်းတိုးနိုင်မဲ့အချက်ကိုလည်း ထည့်သွင်း ချုပ်ဆိုထားတာကြောင့် ၂၀၂၈ ထိ ဆက်ထိန်းနိုင်မှာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်ရှိ ဖာနန်ဒက်စ်ဟာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် စပို့တင်းလစ္စဘွန်းမှ ပေါင် ၄၇ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပြီး ယခင်စာချုပ်မှာ ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမှာပါ။
ဖာနန်ဒက်စ်က “မန်ချက်စတာယူနိုက်တက်ကို ကျွန်တော် ဘယ်မြတ်နိုးတယ်ဆိုတာ လူတိုင်း သိပါတယ်။ အနာဂတ် ဘယ်လောက် အပြုသဘော ဆောင်နေတယ်ဆိုတာ မြင်နိုင်ပါတယ်။ ဒီအသင်းကို ဦးဆောင်ပြီး ချီတက်ဖို့လည်း စိတ်အားထက်သန်နေပါတယ်။
ဒီအင်္ကျီဝတ်ဆင်ထားချိန်မှုရဲ့ အဓိပ္ပါယ်နဲ့ တာဝန်ယူမှု တာဝန်ခံမှုကို နားလည်ပါတယ်။ ပြီးတော့ ဒီလို ကြီးကျယ်ခမ်းနားတဲ့ကလပ်ကို ကိုယ်စားပြုဖို့အတွက် ဘယ်လို စိတ်ဆန္ဒ၊ ဘယ်လို ပေးဆပ်မှုအဆင့်တွေ လိုအပ်တယ်ဆိုတာကိုလည်း သိပါတယ်”လို့ ပြောကြားသွားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ဟယ်ရီ မက်ဂွိုင်းယားနေရာမှာ ယူနိုက်တက် အသင်းခေါင်းဆောင်အဖြစ် အစားထိုးခန့်အပ်ခြင်းခံခဲ့ရတာပါ။
ဆက်လက်ပြီး ဖာနန်ဒက်စ်က ကလပ်ရဲ့အကောင်းဆုံးအခိုက်အတန့်များ အနာဂတ်တွင် ရောက်လာမယ်လို့ မယုံကြည်လျှင် စာချုပ်သစ်ချုပ်ဆိုမှာ မဟုတ်ကြောင်းလည်း ပြောကြားသွားပါတယ်။
ပေါ်တူဂီစတားဟာ ယူနိုက်တက်အတွက် ၂၃၄ ပွဲကစားထားပြီး ၇၉ ဂိုးသွင်းကာ ၆၇ ကြိမ် ဖန်တီးထားပါတယ်။