မန်ယူရဲ့ ယာယီနည်းပြသစ်၊ ကွန်တီရဲ့ ဝန်ခံမှု၊ စတားလင်း၊ လာကာဇက်တို့နဲ့ နံနက်ခင်း သတင်းများ
ရီးရဲမက်ဒရစ်အနေနဲ့ မန်စီးတီးလူငယ်ကြယ်ပွင့် ပေါ်ရိုကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။ ၂၂ နှစ်အရွယ် ကစားသမားဟာ စပို့တင်းမှာ အငှားနဲ့ ကစားလျက်ရှိနေပြီး ခြေစွမ်းပြလျက် ရှိနေပါတယ်။ ရီးရဲက သူ့ကို စိတ်ဝင်စားနေသလို စပို့တင်းကလည်း အပြီးသတ်ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။
အာဆင်နယ်တိုက်စစ်မူှး လာကာဇက်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲ စီးရီးအေထိပ်သီးကလပ် အေစီမီလန်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ လာကာဇက်ကို ရာသီကုန်မှာအလွတ်နဲ့ ထွက်ခွာဖွယ် ရှိနေတာပါ။
မန်ယူအသင်းဟာ လိုကိုမိုတစ် မော်စကိုအသင်းမှ အားကစားဒါရိုက်တာ ရန်းဂ်နစ်ကို ၆ လစာချုပ်ဖြင့် ခေါ်ယူ သွားတော့မှာ ဖြစ်ပါတယ်။ စာချုပ်အရ ယာယီနည်းပြ ကာလအပြီးမှာ အတိုင်ပင်ခံ ရာထူးအတွက် နှစ်နှစ် တာဝန် ပေးမယ်ဆိုတဲ့ သဘောတူညီချက် ပါဝင်ပါတယ်။

စပါးနည်းပြ ကွန်တီက ယူရိုကွန်ဖရင့်လိဂ်မှာ ရှုံးပွဲကြုံတွေ့ခဲ့တဲ့အပေါ် စိတ်ပျက်လျက်ရှိနေပြီး စပါးကိုမူလအနေအထားဆီ ပြန်လည်ခေါ်ဆောင်ဖို့ဆိုရင် အချိန်ယူရဦးမှာဖြစ်ကြောင်း၊ သူတို့ရဲ့ စွမ်းဆောင်ရည်ကဆိုးရွားခဲ့ကြောင်း၊ ဒီအချိန်မှာ စပါးရဲ့ အဆင့်အတန်းက မြင့်မားနေခြင်းမရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ အာဖရိကနေးရှင်းလိဂ်အပေါ် သူ့ရဲ့ မှတ်ချက်အတွက် အာဖရိက သတင်းထောက်ရဲ့ စွပ်စွဲဝေဖန်ခြင်းနဲ့တကွ ပြန်တောင်းပန်ဖို့ပါ ဖိအားပေးခံခဲ့ရပါတယ်။
အဲဗာတန်နည်းပြ ဘင်နီတက်ဇ်က အဝါကတ် ၅ ကတ် ပြသခံရပြီးနောက် တစ်ပွဲပယ်ခံရတော့မဲ့ တိုက်စစ်မှူး ရစ်ချာလီဆန်ကို စိတ်ခံစားချက်တွေ ထိန်းချုပ်ဖို့ သတိပေးလိုက်ပါတယ်။
မန်ယူအနေနဲ့ ကွင်းလယ်ပိုင်းမှာ ဖာနန်ဒက်စ်ကို ချန်လှပ်ပြီး ဗန်ဒီဘိခ်ကိုသာ ဦးစားပေးအသုံးပြုသင့်ကြောင်း ဗီလာ တိုက်စစ်မှူးဟောင်း အဘွန်လဟော်က အကြံပြုလိုက်ပါတယ်။

မန်ယူအနေနဲ့ နာမည်တွေကို မေ့ထားပြီး အသင်း အနိုင် ရဖို့အတွက်သာ ဦးစားပေးရမှာဖြစ်ကြောင်းနဲ့ ဗန်ဒီဘိခ်ဟာ ဖာနန်ဒက်စ်ထက်စာရင် ပွဲထွက်ခွင့်နဲ့ ထိုက်တန်သူ ဖြစ်ကြောင်း ၎င်းက တိုက်တွန်းခဲ့တာပါ။
မန်စီးတီးအနေနဲ့ တိုက်စစ်ကစားသမား စတာလင်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ ဆွေးနွေးလျက်ရှိနေပါတယ်။ တယ်လီၤဂရပ်ရဲ့ ဖော်ပြချက်အရ မန်စီးတီးအနေနဲ့ စတာလင်အတွက်ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်သွားမှာလို့ သိရပါတယ်။
အိုလီဂန်နာဆိုးရှားဟာ မန်ချက်စတာ ယူနိုက်တက်နည်းပြအနေနဲ့ သူ့ရဲ့ ဖလားလက်မဲ့ ကာလအတွင်း လုပ်ခ ပေါင် ၂၆ သန်းထိ ရရှိခဲ့ပါတယ်။