ဟာလန်းကို ထိပ်သီးအသင်းတွေထံ လက်မလွတ်ရရေး ပလန်သစ် ထွင်နေတဲ့ ဒေါ့မွန်
ဥရောပ စူပါကြယ်ပွင့် တိုက်စစ်မှူးအဖြစ် ထွန်းတောက်လာနေတဲ့ ဟာလန်းကို ဒီရာသီ အကုန်မှာပါ သူတို့အသင်းမှာ ဆက်ရှိနေအောင် ဒေါ့မွန်က အစီအစဉ်ဆွဲလာနေပြီ ဖြစ်ပါတယ်။
၂၀၂၀ ဇန်နဝါရီလက ဆဲလ်ဘတ်ကနေ ဒေါ့မွန်ကို ပေါင်သန်း၂၀တည်းနဲ့ ရောက်လာပြီး (၆၉) ပွဲမှာ ဂိုးပေါင်း (၇၀) သွင်းထားတဲ့ ဟာလန်းကို ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီး အစရှိတဲ့ ဥရောပအသင်းကြီးတွေက ခေါ်ယူဖို့ ပြင်ဆင်နေကြပါတယ်။
သူ့ရဲ့ လက်ရှိစာချုပ်မှာ စာချုပ်ဖျက်သိမ်းကြေးကို ပေါင် ၇၅သန်း သတ်မှတ်ထားတာကြောင့် သူဟာ နွေရာသီမှာ ဒေါ့မွန်ကနေ ထွက်သွားလိမ့်လို့ အများက ထင်ကြေးပေးထားကြပါတယ်။ နော်ဝေတိုက်စစ်မှူး ဟာလန်းရဲ့ လက်ရှိခြေစွမ်းနဲ့ အနာဂတ်အလားအလာကြောင့် သူ့ရဲ့ တကယ့်တန်ကြေးဟာ ပေါင်သန်း ၁၅၀၊ ၁၇၀ လောက် ရှိနေပါတယ်။

ဒါပေမယ့် ဒေါ့မွန်က သူရဲ့စာချုပ်ဖျက်သိမ်းကြေးကို ပေါင် ၇၅ သန်းပဲ လောလောဆယ် သတ်မှတ်ထားမိတာကြောင့် အသင်းကြီးတွေက ဈေးပေါပေါနဲ့ ဝယ်ယူသွားနိုင်မယ့် အခြေအနေနဲ့ ကြုံနေပါတယ်။ အဆိုပါ စာချုပ်ဖျက်သိမ်းကြေးကလည်း ဒီနွေမှာတင် စတင် အသက်ဝင်မယ်လို့ သိရတာဖြစ်တယ်။
ဒါကြောင့် ဒေါ့မွန်က သူ့ရဲ့လက်ရှိစာချုပ်ကို သက်တမ်းတိုးပြီး လုပ်ခပိုင်း ၂ ဆလောက်ထိ တိုးမြှင့်ပေးဖို့ အစီအစဉ် လုပ်လာနေခဲ့တယ်။ စာချုပ်သစ်မှာတော့ လက်ရှိ ပါဝင်နေတဲ့ စာချုပ်ဖျက်သိမ်းကြေးကိုလည်း တိုးမြှင့်သတ်မှတ်ဖို့ ပြင်ဆင်နေတာဖြစ်တဲ့အကြောင် းဂျာမန်အားကစားသတင်းတွေက ဖော်ပြထားပါတယ်။