ဆန်ချို ကို ဖူလ်ဟမ်နဲ့ ပွဲမှာ ဖယ်ထုတ်ခဲ့တာက ချယ်ဆီးအတွက်လား ဖြေရှင်းချက် ထုတ်လာတဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ ဖူလ်ဟမ်နဲ့ပွဲ လူစာရင်းကနေ ဆန်ချိုကို ချန်လှပ်ခဲ့ရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ဟာ ၂၀၂၄-၂၅ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ ဖူလ်ဟမ်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီး အသင်းအတွက် တစ်လုံးတည်းသောဂိုးကို တိုက်စစ်မှူးသစ် ဇက်ဇီက သွင်းယူခဲ့ပါတယ်။

ဒါပေမဲ့ ရာသီကြိုခြေစမ်းပွဲတွေတုန်းက ပါဝင်ကစားခဲ့တဲ့ ဆန်ချိုဟာ ဖူလ်ဟမ်နဲ့ပွဲအတွက် အရန်လူစာရင်းထဲမှာတောင် မပါဝင်တာကြောင့် ဆန်ချိုရဲ့အနေအထားအပေါ် မေးခွန်းထုတ်စရာဖြစ်ခဲ့ရပါတယ်။

အဲရစ်တန်ဟက်ကတော့ ဆန်ချိုဟာ အဖျားရောဂါခံစားနေရတဲ့အတွက် လူစာရင်းမှာ မပါဝင်ခဲ့တာဖြစ်တယ်လို့ အခုလို ပြောဆို ရှင်းလင်းခဲ့ပါတယ်။

“ခက်ခဲကြမ်းတမ်းတဲ့ ရာသီကို ကျော်ဖြတ်ရမှာဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိတဲ့ ကစားသမားအစုအဖွဲ့ရှိဖို့ လိုအပ်ပါတယ်။ ဆန်ချိုရဲ့နားထဲမှာ ရောဂါပိုးဝင်နေတာကြောင့် သူက ၁၀၀ % ကြံ့ခိုင်မှု မပြည့်ဝပါဘူး။ ”

“ကစားမယ်ဆိုရင် ထည့် ကစားလို့ရပေမဲ့လည်း ကျွန်တော်တို့က ဆန်ချိုထက် တခြားတစ်ယောက်ကိုပဲ ဦးစားပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒါက ဆန်ချိုအတွက် စိတ်ပျက်စရာဖြစ်စေနိုင်ပေမဲ့ ကစားသမားတိုင်းဟာ ပွဲကစားဖို့ အခွင့်အရေး ကိုယ်စီ ရရှိသွားမှာဖြစ်ပါတယ်”လို့ အဲရစ်တန်ဟက်က ပြောကြားခဲ့ပါတယ်။

အခုလောလောဆယ် ဆန်ချိုရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပြီး ချယ်ဆီးအသင်းက ဆန်ချိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ ဖော်ပြခဲ့ကြပါတယ်။

ချယ်ဆီးအသင်းဟာ ဆန်ချို အတှကျ ပြောင်းရွှေ့ကြေးအပြင် လူငယ်ကစားသမားနှစ်ဦးကိုပါ အလိုက်ပေးကမ်းလှမ်းသွားဖို့ စီစဉ်နေသလို နောက်ထပ်နည်းလမ်းတစ်ခုက ဆန်ချိုကို အငှားနဲ့အရင်ဆုံးခေါ်ပြီးမှ အပြီးသတ်စာချုပ်သွားဖို့ ဆန္ဒရှိနေတယ် လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဆန်ချိုကို ပြင်သစ်ထိပ်သီး PSG အသင်းက ချိတ်ဆက်ခဲ့ပေမဲ့ အခုအချိန်မှာတော့ သတင်းအေးနေပြီး ဆန်ချိုအစား ရန်းစ်အသင်းကစားသမား ဒီဇိုင်းယားဒိုအီကို ပြောင်းလဲကြိုးပမ်းနေပါတယ်။