ဒီရာသီ တူချယ် ရင်ဆိုင်နေရတဲ့ ပြဿနာကောင်း တစ်ခုကို ရှင်းပြသွားတဲ့ မက်မန်နာမန်

ဒီရာသီ ကစားထားတဲ့ ပွဲတိုင်းမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်ဟာ ပွဲထွက်စာရင်း ကို အပြောင်းအလဲတွေ လုပ်နေပေမယ့်လို့ ကစားသမားတိုင်းကို ပွဲထွက်ခွင့်တွေ ပေးနိုင်မှာ မဟုတ်ဘူးလို့ မက်မန်နာမန်က မှတ်ချက်ပေးလိုက်ပါတယ်။

ပွဲထွက်ခွင့်ပေးရေး ကိစ္စဟာ တူချယ် အတွက် ဘောလုံးရာသီ စတင် လာကတည်းက ကြုံနေရတဲ့ တခုတည်းသော ပြဿနာဖြစ်ပါတယ်။ အခြား နည်းစနစ် ပြဿနာ ထူးထူးခြားခြား မရှိပေမယ့် စီနီယာ ကစားသမားတွေဖြစ်တဲ့ ခရစ်တန်ဆန်နဲ့ အက်ဇ်ပီလီကွီတာတို့တောင် အရန်ခုံ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်း စတိဗ် မက်မန်နာမန်က ချဲလ်ဆီး အသင်း ဟာ လက်ရှိမှာ အရမ်းကောင်းနေပေမယ့် တူချယ်ဟာ ကစားသမားတိုင်းကို ပျော်ရွှင်အောင် ထားနိုင်ဖို့ မလွယ်တဲ့ အကြောင်းကို ရှင်းပြခဲ့ပါတယ်။

မက်မန်နာမန်က ” သူတို့က အသင်းသားတိုင်းကို ဘယ်လိုများ ပျော်အောင် ထားနိုင်မလဲ ဆိုတာကို ကျွန်တော် တွေးမိပါတယ်။ အရန်ခုံ ထိုင်နေရတဲ့ ကစားသမားတွေကို ကြည့်လိုက်တဲ့အခါ အတော်များများက သက်ဆိုင်ရာ နိုင်ငံ အသင်းတွေမှာ လက်ရွေးစင် အဆင့်တွေ ဖြစ်ကြပါတယ်။

သူတို့တွေဟာ ဒီရာသီ ကုန်တဲ့အထိ အရန်ခုံမှာပဲ အချိန်ကုန်ရမယ် ဆိုရင်တော့ ပျော်ရွှင်ကြမှာ မဟုတ်ပါဘူး။ ဒီတော့ သောမတ်စ် တူချယ်က ဒီ ကစားသမား အစုအဖွဲ့ကို ပါးပါးနပ်နပ် ကိုင်တွယ်နိုင်ဖို့ တရာသီ ကစားခွင့် ပွဲ ၂၀ လောက် ကစားနိုင်အောင် လုပ်ပေးဖို့ လိုပါမယ်။ ဒါဟာ လက်ရှိ ချဲလ်ဆီးမှာ ကြုံနေရတဲ့ ခက်ခဲတဲ့ အစိတ်အပိုင်း တခုပါ။

လက်ရွေးစင် အဆင့် ကစားသမား အယောက် ၂၀လောက်ကို တရာသီလုံး ပျော်ရွှင်အောင် ထားနိုင်ဖို့၊ အသင်း တသင်း အနေနဲ့ ပျော်ရွှင်စေဖို့ လုပ်ရမှာက တူချယ် အတွက် ခက်ခဲတဲ့ ပြဿနာ တရပ် ဖြစ်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။