အစဉ်အလာ မပျက် မန်ယူကစားသမားကို ခေါ်ယူသွားမယ့် စပါးနည်းပြ ကွန်တီ
စပါးအသင်းရဲ့နည်းပြ အန်တိုနီယိုကွန်တီက ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက်ထံက ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ကြိုးစားသွားဖို့ ရှိနေပါတယ်။
အင်တာမီလန်အသင်း နည်းပြဟောင်း ကွန်တီဟာ စီရီးအေမှာတည်းက ယူနိုက်တက်အသင်းဆီကနေ လူကာကူ ဆန်းချက်ဇ် ဒါမီယန် အက်ရှ်လေယန်းတို့ကို ခေါ်ယူခဲ့ဖူးသူဖြစ်တယ်။ ယူနိုက်တက် ကစားသမားတွေကို ခေါ်ယူလေ့ရှိတဲ့ အစဉ်အလာအတိုင်း စပါးအတွက် နောက်ခံကစားသမား အဲရစ်ဘိုင်လီကို ခေါ်ယူအားဖြည့်သွားဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။
ဘိုင်လီကလည်း ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်တွေ နည်းပါးလွန်းနေတာကြောင့် ကစားသမားကိုယ်တိုင်ကလည်း ဒီအခြေအနေအပေါ် စိတ်ပျက်လို့နေပြီး အသင်းနဲ့ပါ လက်တွဲဖြုတ်ဖို့အထိ စဉ်းစားလာခဲ့ပါတယ်။

အသက်(၂၇)နှစ် အရွယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဘိုင်လီက ၂၀၁၆ ခုနှစ်ကမှ ဗီလာရီးယဲလ်အသင်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိ အသင်းရဲ့ခံစစ်မှာ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယား ရာဖယ်ဗာရန်း ဗစ်တာလင်ဒီလော့ရဲ့နောက်မှသာ ကစားရတာဖြစ်ပါတယ်။
သူဟာ ဒီရာသီအတွင်းမှာလည်း ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ မိနစ်ပေါင်း (၂၂၅) မိနစ်သာ ကစားထားရတာ ဖြစ်ပါတယ်။ ကွန်တီ အနေနဲ့ကလည်း သူကိုင်တွယ်ခဲ့တဲ့ အသင်းတိုင်းမှာ ခံစစ်ပိုင်းကို ဦးစားပေး တည်ဆောက်တတ်တဲ့ နည်းပြတစ်ဦးဖြစ်ပြီး လက်ရှိ စပါးအသင်းရဲ့ ခံစစ်အစုအဖွဲ့ကို သိပ်အားမရတာ ဖြစ်ပါတယ်။
ကွန်တီက ဘိုင်လီ အပါအဝင် သူရဲ့အသင်းဟောင်း အင်တာက နောက်ခံလူတွေဖြစ်တဲ့ ရှကရီညာနဲ့ ဒီဗရိုင်းတို့ကိုပါ ပစ်မှတ်ထားလို့နေတာ ဖြစ်ပါတယ်။