မန်ယူ နောက်ခံလူသစ် ယိုရို ပြန် ကစားနိုင်ဖို့ ဘယ်လောက်နီးနေပြီလဲ အသိပေးလိုက်တဲ့ အဲရစ်တန်ဟက်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ လူငယ်နောက်ခံလူ ယိုရို ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး နောက်ဆုံးအနေအထားကို ပရိသတ်တွေသိရှိအောင် အသိပေးလိုက်ပါတယ်။

အသက် ၁၈ နှစ်သ ာရှိသေးသူ ပြင်သစ်နောက်ခံကစားသမား ယိုရို ဟာ ပြီးခဲ့တဲ့ရာသီက ပြင်သစ်လီဂူးမှာ ဘောလုံးပေးပို့မှုအကြိမ်ပေါင်း ၁၇၂၇ ကြိမ်အထိပြုလုပ်ခဲ့ပြီး ဥရောပ ထိပ်သီးလိဂ် ၅ ခုမှာ ဘောလုံးပေးပို့မှု အများဆုံးလုပ်ခဲ့တဲ့ ဆယ်ကျော်သက် ကစားသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။

ယိုရို ရဲ့ခြေစွမ်းကြောင့် ယူနိုက်တက်အသင်းဟာ အခုနွေရာသီအတွင်း ပေါင် ၅၂.၂ သန်းအထိပေးပြီးတော့ ခေါ်ယူခဲ့ပြီး ယိုရို ဟာ ရိန်းဂျားစ်နဲ့ရာသီကြိုခြေစမ်းပွဲမှာ အသင်းအတွက် ပွဲဦးထွက်ခဲ့သလို ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အာဆင်နယ်နဲ့ပွဲမှာ ယိုရို ရဲ့ ဘယ်ဘက်ခြေထောက်၊ ပဉ္စမမြောက် အရိုးကျိုးခဲ့တာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ၃ လ အထိ အနားယူရတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်းထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ယိုရို ဟာ ပရီးမီးယားလိဂ်ရာသီအစပိုင်းပွဲတွေဖြစ်တဲ့ ဖူလ်ဟမ်၊ ဘရိုက်တန်၊ လီဗာပူးလ်တို့နဲ့ပွဲတွေကို လွဲချော်မှာဖြစ်ပြီး သတင်းတွေရဲ့ခန့်မှန်းချက်အရ ယော်ရိုဟာ စက်တင်ဘာ ၁၄ ရက်ကျရင် ကစားမဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ ရှိပါတယ်။

Sky Sports ရုပ်သံနဲ့အင်တာဗျူးမှာ အဲရစ်တန်ဟက်က ” ယိုရို ဟာ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်သူဖြစ်ပြီး ပင်ကိုယ် အကျင့်စရိုက်ကောင်းမွန်သူဖြစ်ပါတယ်။ သူ့ကို ကျွန်တော်တို့ ခေါ်ယူခဲ့တဲ့ အကြောင်းအချက်တွေထဲမှာ အဲဒါလည်း အပါအဝင်ဖြစ်ပါတယ် . . ”

“အခု ယိုရို ဟာ ဒဏ်ရာကနေ အမြန်ဆုံးပြန်လာနိုင်အောင် အစွမ်းကုန်ကြိုးစားနေပြီး အကောင်းဆုံးဖြစ်လာမယ်လို့လည်း မျှော်လင့်ထားပါတယ်။ အခုဆိုရင် ယိုရို ဟာ တစ်ဦးချင်းလေ့ကျင့်ခန်းတွေ စတင်ပြုလုပ်နေပြီဖြစ်ပြီး သူ မကြာခင် ဘောလုံးပြန် ကစားနိုင်မယ်ဆိုတာ ကျွန်တော် သေချာပေါက် အာမခံရဲပါတယ်”လို့ ပြောကြားခဲ့ပါတယ်။