အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ပြန်လာနိုင်တဲ့ စီ ရော်နယ်လ်ဒို
မန်ချက်စတာယူနိုက်တက်နဲ့ ပြင်သစ်တိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာက အသင်းဖော်ဟောင်း ရော်နယ်လ်ဒို အကြောင်း မကြာသေးမီက ဖွင့်ဟခဲ့ရာမှာ ပေါ်တူဂီသာကြီးဟာ အိုးထရက်ဖို့ဒ်ကို အနာဂတ်မှာ နည်းပြအဖြစ်နဲ့ ပြန်လာနိုင်လိမ့်မယ်လို့ ထောက်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။
ဆာဟာက ရော်နယ်လ်ဒိုက တသက်တာ အကောင်းဆုံး ကစားသမား ဖြစ်တဲ့ အပြင် အရမ်းတော်တဲ့ နည်းပြတစ်ယောက်လည်း ဖြစ်လာလိမ့်မယ်လို့ယုံကြည်နေပေမယ့်လည်း အဲဒီလိုဖြစ်လာဖို့အတွက် စိတ်ဓာတ်ပိုင်းကို အနည်းငယ် ပြောင်းလဲဖို့ လိုလိမ့်မယ်လို့ ပြောဆိုခဲ့တာပါ။
“ရော်နယ်လ်ဒိုက မန်ချက်စတာယူနိုက်တက်ကို တစ်နေ့မှာ ပြန်လာဖို့ စိတ်ဆန္ဒနဲ့ ရည်ရွယ်ချက် ရှိပါတယ်။ နည်းပြအဖြစ်လည်း ဖြစ်နိုင်သလို မန်နေဂျာအဖြစ်လည်း ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ ဒုတိယအကြိမ် ကစားသမားဘဝကတော့ အားလုံး မျှော်လင့်ထားသလို အဆုံးမသတ်နိုင်ခဲ့ဘဲ ဘာက သူ့ကို စိတ်ပျက်စေခဲ့သလဲဆိုတာ ခင်ဗျား မြင်နိုင်ပါတယ်။

သူ အရင်တုန်းက ကစားခဲ့တဲ့ ဖော်မြူလာအတိုင်း မဟုတ်တော့သလို သူ အရင်တုန်းက မန်ယူနိုက်တက်မှာ မြင်နေကျ လူငယ်ကစားသမားတွေဆီက စိတ်အားထက်သန်မှုမျိုး မမြင်ခဲ့လို့ပါ။
အခုတော့ သူ့အနေနဲ့ နည်းပြဖြစ်လာတဲ့အခါကျရင် ဘယ်လို ဆက်သွယ်ပြောဆိုရမလဲဆိုတဲ့ နည်းလမ်းသစ်ကို ရှာဖို့ လိုမယ်ဆိုတာကို သိနေပါလိမ့်မယ်။ သူ အသင်းမှာ ရှိနေတုန်းကလိုမျိုး အရမ်းကြီး တဲ့တိုးမဆန်သလို မပြင်းထန်တဲ့ပုံစံမျိုးပေ့ါ။ သူက သူ့ရဲ့ အောင်မြင်မှုအားလုံးကို အသုံးပြုပြီး အောင်မြင်မှုရအောင် အလုပ်လုပ်နိုင်ပါလိမ့်မယ်။
ရွိုင်ကိန်းလည်း နည်းပြအဖြစ်နဲ့ လုပ်ကိုင်ခဲ့ပြီး အောင်မြင်မှုအချို့ရခဲ့တာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ။ ခရစ္စတီယာနိုက နည်းပြတစ်ယောက်ဖြစ်လာဖို့ ဘာလုပ်ဖို့လိုလဲဆိုတာ နားမလည်ဘဲမနေပါဘူး။ သူ နည်းပြအဖြစ်နဲ့လည်း အောင်မြင်မှု မရစရာ ဘာအကြောင်းမှ မရှိပါဘူး”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ဂျူဗင်တပ်ကနေ မန်ချက်စတာယူနိုက်တက်ကို အံ့အားသင့်ဖွယ် ပြန်လည် ပြောင်းရွှေ့လာခဲ့ပေမယ့်လည်း နည်းပြ တန်ဟက်နဲ့ ပြဿနာတက်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။
အသက် ၃၉ နှစ်အရွယ်တိုက်စစ်မှူးဟာ ၂၀၂၃ ခုနှစ် နှစ်အစမှာပဲ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာကို ပြောင်းရွှေ့သွားခဲ့ပြီး ၂၀၂၃-၂၀၂၄ ရာသီ လိဂ်ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။