မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းလာပေမယ့် နောက်တစ်သင်းအတွက် ကြိုဦးထားတဲ့ ယိုရို

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူသစ် လီနီ ယိုရိုဟာ ဒီနွေ အသင်းပြောင်းရွှေ့လာစဉ်က ၂၀၂၆ ခုနှစ်တွင် ထွက်ခွာနိုင်မဲ့ အချက်အား ယူနိုက်တက်နှင့် လျို့ဝှက် သဘောတူညီမှု ယူထားကြောင်း သိရပါတယ်။

ယိုရိုဟာ ယခုနွေရာသီအစောပိုင်းတုန်းက ပြင်သစ်ကလပ် လိုင်လီမှ ယူနိုက်တက်သို့ ပြောင်းရွှေ့ကြေး ပေါင် ၅၂.၁ သန်းဖြင့် ပြောင်းလာခဲ့တာပါ။

ယူနိုက်တက်ဟာ အသက် ၁၈ နှစ်အရွယ်ရှိ ဗဟိုနောက်ခံလူအား ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနှင့် လိုင်ယွန်တို့အား ကျော်ဖြတ်ကာ ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ သူဟာ ယူနိုက်တက်အတွက် ဒုတိယမြောက်ကစားတဲ့ ရာသီကြိုခြေစမ်းပွဲတွင် ခြေချောင်းရိုးကျိုး ဒဏ်ရာရရှိကာ ၃ လကြာ အနားယူနေရပြီး ယူနိုက်တက်အတွက် ပြိုင်ပွဲကစားရေး နိုဝင်ဘာလလကုန်အထိ စောင့်ဆိုင်းနေရပါတယ်။

ဒါပေမဲ့ သူဟာ ယူနိုက်တက်ရဲ့ ရာသီကြိုခြေစမ်းပွဲတွင် ခြေစွမ်းပြကစားနိုင်ရာ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာချိန်တွင် အရေးပါတဲ့ ကစားသမားဖြစ်လာမဲ့ သူအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ယခုနွေရာသီတွင် ယိုရိုအား ခေါ်ယူရေး မအောင်မြင်ခဲ့ပေမဲ့ မဝေးတော့တဲ့ နှစ်အနည်းငယ်အတွင်းတွင် ဘာနေဗျူးသို့ ခေါ်ဆောင်ရန် အခွင့်အရေး ရှိနေဆဲ ဖြစ်ကြောင်း စပိန်သတင်းတွေက ဖော်ပြလာပါတယ်။

အသက် ၁၈ နှစ်အရွယ်ရှိ ယိုရိုဟာ ယူနိုက်တက်သို့ မပြောင်းမီ ၂၀၂၆ ခုနှစ်နွေရာသီတွင် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ မှ ယူရို ၅၅ သန်းအတွင်း ရီးရဲလ်မက်ဒရစ်က ကမ်းလှမ်းလာပါက ဘာနေဗျူးသို့ ပြောင်းနိုင်မဲ့အချက်ကို နှုတ်အားဖြင့် သဘောတူညီထားကြောင်း သိရပါတယ်။

တကယ်တော့ ယိုရိုဟာ ယခုနွေရာသီတွင် ယူနိုက်တက်သို့ မပြောင်းလိုဘဲ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လိုခဲ့တာပါ။

ဒါပေမဲ့ လိုင်လီက တစ်နှစ်စာချုပ်သာ ကျန်တော့တဲ့ ယိုရိုအတွက် ရီးရဲလ်မက်ဒရစ်က ပေါင် ၃၅ သန်းဖြင့်သာ ကမ်းလှမ်းမှုနှင့်အတူ ယူနိုက်တက်သို့ မပြောင်းပါက လာမယ့် တစ်ရာသီလုံးအား အရန်ခုံတွင် ထိုင်နေရမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါကြောင့်လည်း ယိုရိုဟာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းကစားလိုခဲ့ပေမဲ့လည်း စိတ်ပြောင်းကာ ယူနိုက်တက်သို့ ပြောင်းခဲ့ရတာပါ။ ဒါပေမဲ့ သူဟာ ယူနိုက်တက်သို့ ပြောင်းချိန်တွင် တချိန်တွင် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းနိုင်ရေးအတွက်သဘောတူညီမှု ရယူထားကြောင်း သတင်းထွက်လာတာ ဖြစ်ပါတယ်။