ပေါင် ၈၄ သန်းတန် ပစ်မှတ်၊ အငှားထွက်တော့မယ့် ကီပါ၊ လမ်းပတ်အဖြေများနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ

ဂုရုကြီး ပေါလ်မာဆင်က ဒီတစ်ပွဲရဲ့ ပွဲကြီးပွဲကောင်းဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်ယူတို့ ပွဲစဉ်မှာ ချဲလ်ဆီးက အိမ်ကွင်းမှာ ၃ ဂိုးပြတ် အနိုင်ရရှိမှာဖြစ်ကြောင်း၊ လက်ရှိ မန်ယူဟာ တော်တော်လေး ယိုယွင်းနေပြီး ချဲလ်ဆီးကို ယှဉ်နိုင်ဖို့ မရှိကြောင်း သုံးသပ်ခဲ့ပါတယ်။

ချဲလ်ဆီး ဂိုးသမားကီပါဟာ လာဇီယို အသင်းထံ ရာသီဝက် အငှားနဲ့ ပြောင်းရွှေ့ဖွယ် ရှိကြောင်း အီတလီ သတင်းတွေက ဖော်ပြနေပါတယ်။ လာဇီယိုနည်းပြ ဆာရီ က ချဲလ်ဆီးမှာ လက်တွဲခဲ့ဖူးတဲ့ ကီပါနဲ့ ပြန်လည် လက်တွဲလိုနေပြီး ကီပါအနေနဲ့ ပုံမှန်ကစားခွင့်ရမဲ့အသင်းကိုပြောင်းလိုနေတာပါ။

ချဲလ်ဆီးအနေနဲ့ ပြီးခဲ့တဲ့ရာသီက လမ်းပတ်ကို ထုတ်ပယ်ပြီးနောက် လက်ရှိ မန်ယူကို ကိုင်တွယ်တော့မဲ့ ရန်နစ်ကို ယာယီနည်းပြအဖြစ် အစားထိုးဖို့ စီစဉ်ခဲ့သေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရန်နစ်က ယာယီနည်းပြအဖြစ် မဆောင်ရွက်လိုတာကြောင့် ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ ဂျူဗင်တပ်ကြယ်ပွင့် ချီယေဆာကို ခေါ်ယူဖို့ ကြိုးပမ်းaနကြောင်း အီတလီ သတင်းတွေက ဖော်ပြထား ပါတယ်။ ချဲလ်ဆီးအနေနဲ့ ချီယေဆာအတွက် ပေါင် ၈၄ သန်းအထိ အသုံးပြုဖို့ စီစဉ်ထားပါတယ်။

ချဲလ်ဆီး အသင်းဟာ ၂၀၂၂ ထဲမှာတော့ ပူလီဆစ်ကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပြီး တန်ကြေး ပေါင် ၄၂ သန်း သတ်မှတ်လိုက်ပါတယ်။ ချဲလ်ဆီးဟာ အမေရိကန်သားကို ပရီးမီးယားလိဂ် ကလပ်တွေကိုတော့ ရောင်းမှာ မဟုတ်ဘဲ ပြည်ပကလပ်တွေကိုပဲ ရောင်းချမှာပါ။

ဖရန့်လမ်းပတ်ကတော့ သူ့ရဲ့ ကစားသမားဘဝ ရင်ဆိုင်ဖူးသမျှ ပြိုင်ဘက်တွေထဲမှာ အခက်ဆုံး ကစားသမားကတော့ အင်နီယေစတာပဲ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

တွဲကစားခဲ့ဖူးသမျှ အကောင်းဆုံးအသင်းဖော်က ဘယ်သူလဲလို့ အမေးခံခဲ့စဉ်မှာတော့ လမ်းပတ် က ဂျွန်တယ်ရီနဲ့ ဒရော့ဂ်ဘာလို့ ဖြစ်တယ်လို့ဖွင့်ဟခဲ့ပါတယ်။ ဂျွန်တယ်ရီဟာ အဝတ်လဲခန်းအတွင်း မောင်းနှင်အားကောင်းတဲ့ ခေါင်းဆောင်ကောင်း ဖြစ်ပြီး ဒရော့ဂ်ဘာကလည်း အသင်းအတွက် မရှိမဖြစ် ကစားသမားလို့ လမ်းပတ်က ဆိုခဲ့တာပါ။