ဒီညနေ ဘရိုက်တန်ကွင်းမှာ သွားကန်မယ့် မန်ချက်စတာယူနိုက်တက် ကို သိပ် မဟန်နိုင်ဘူး သုံးသပ်မှုတွေ များနေ

ဒီညနေခင်းမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၊ စနေနေ့အစောပိုင်းပွဲအဖြစ် ဘရိုက်တန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ မြန်မာ စံတော်ချိန် ညနေ ၆:၀၀ နာရီမှာ ဘရိုက်တန်အသင်းရဲ့ American Express Stadium ကွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

ဘရိုက်တန်အသင်းဟာ နည်းပြအပြောင်းအလဲလုပ်ခဲ့ပေမယ့် အကောင်းဆုံးပုံစံရှိနေဆဲဖြစ်ပြီး လူငယ်နည်းပြသစ် ဖေဘီယန်ဟာဇီလာဟာ ရာသီအဖွင့်ပွဲမှာ အဲဗာတန်ကို အဝေးကွင်းမှာပဲ ၃-၀ ဂိုးပြတ်နဲ့အနိုင်ယူပြီးတော့ အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ခဲ့ပါတယ်။

ဒီရာသီမှာ အောင်မြင်မှုရဖို့အတွက် အခုနွေရာသီအပြောင်းအရွှေ့အတွင်း ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ထားတဲ့ ယူနိုက်တက်အသင်းကတော့ ဖူလ်ဟမ်နဲ့ရာသီအဖွင့် အိမ်ကွင်းပွဲမှာ ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပေမဲ့ ခြေစွမ်းက အားရစရာ မကောင်းသေးပါဘူး။

နယူးကာဆယ် တိုက်စစ်မှုးဟောင်းကြီး ဖြစ်သလို ပရီးမီးယားလိဂ် ဂန္တဝင် တစ်ဦး ဖြစ်တဲ့ အလန်ရှီးယားကတော့ ဒီပွဲနဲ့ ပတ်သတ်ပြီး အခုလို ခန့်မှန်းထားပါတယ်။

” ယူနိုက်တက်အတွက် ခက်ခဲတဲ့ပွဲစဉ် ဖြစ်လာမှာပါ။ သူတို့ အရင်ပွဲ ရလဒ်ကောင်းရထားပေမယ့် ကစားပုံ သိပ်ကောင်းထားတာ မဟုတ်ပါဘူး။ ရလဒ်ကို ခန့်မှန်းဖို့ ခက်ခဲပေမယ့် သရေကျသွားမယ် ထင်ပါတယ်။ ” လို့ အလန်ရှီးယား က ပွဲကြို သုံးသပ်ထားပါတယ်။

အခြား နာမည်ကြီး သုံးသပ်သူတွေ ဖြစ်တဲ့ ပေါမာဆန်၊ ခရစ်ဆက်တန် တို့ကလည်း ဒီပွဲ သရေ ရလဒ်လောက်သာ ထွက်မယ် လို့ ခန့်မှန်းထားကြတာပါ။

နာမည်ကြီး Opta ကတော့ ဘရိုက်တန်အသင်း အနိုင်ရနိုင်ခြေ ၃၉.၄ % အထိ သတ်မှတ်ထားပြီး ယူနိုက်တက် အတွက် အနိုင်ရာခိုင်နှုန်း ၃၆ % သတ်မှတ်ထားသလို ဒီနှစ်သင်း ဆုံတွေ့ခဲ့တဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးသရေရလဒ်ထွက်ပေါ်လာဖို့ ၂၄.၆ % ရှိတယ်လို့ ခန့်မှန်းထားပါတယ်။