လွမ်းစရာတွေ ဖြစ်နေရတဲ့ ဆိုးရှား၊ ရော်နယ်ဒိုကို ပိုကြိုက်ပါပြီဆိုတဲ့ လမ်းပတ်နဲ့ ယနေ့ည မန်ယူ သတင်းများ

ချဲလ်ဆီး နည်းပြဟောင်း လမ်းပတ် ကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီနဲ့ ရိုနယ်ဒိုတို့မှာ ယခင်က မက်ဆီကို သဘောကျခဲ့ပေမယ့် ယခုတော့ ရိုနယ်ဒိုကို ပိုမို သဘောကျမိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ဒီတစ်ပတ် ချဲလ်ဆီးနဲ့ မန်ယူတွေ့တဲ့ ပွဲမှာ အိမ်ရှင် ချဲလ်ဆီးကပဲ သက်တောင့်သက်သာနဲ့ ၃-ဝ ရလဒ်နဲ့ နိုင်သွားမယ်လို့ ခန့်မှန်းထားပါတယ်။

မန်ယူ တိုက်စစ်မူှး မာရှယ် အနေနဲ့ ဒီရာသီမှာ အသင်းကို ကူညီပေးနိုင်မှာဖြစ်ကြောင်း တိုက်စစ်မှူးဟောင်း ဆာဟာက ထောက်ခံလိုက်ပြီး မာရှယ် ဟာ ပုံစံကောင်းပြနေပြီဆိုရင် ရပ်တန့်ရခက်တဲ့ ကစားသမားဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူနည်းပြဟောင်း ဆိုးလ်ရှားအနေနဲ့ ပြီးခဲ့တဲ့ကြားရက်အတွင်း ယှဉ်ပြိုင်ခဲ့တဲ့ မန်ယူနဲ့ ဗီလာရီးရဲတို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို နေအိမ်မှာ ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ အဲဒီပွဲစဉ်အတွင်း မန်ယူပရိသတ်တွေက သူ့နာမည်ကို အော်ဟစ်အားပေးနေတာ ကြားရတော့ ဆိုးလ်ရှားအနေနဲ့ ပီတိဖြစ်နေကြောင်းလည်း သိရပါတယ်။

မန်ယူယာယီနည်းပြအဖြစ်တာဝန်ယူထားတဲ့ ကာရစ်ကတော့ အသင်းအနေနဲ့ ရန်နစ်ကို ယာယီနည်းပြ အဖြစ် အစားထိုး တော့မဲ့ သတင်းတွေ ထွက်ပေါ်နေမှုအပေါ် “ကျွန်တော်ရဲ့ အနာဂတ်က နောက် ၂ရက်၊ ၃ရက်အတွင်းမှာ ပြောင်းလဲနိုင်ပါတယ်။ လက်ရှိမှာတော့ ကျွန်တော့်အနေနဲ့ ချဲလ်ဆီးနဲ့ပွဲအတွက်ပဲ အပြည့်အ၀ အာရုံစိုက်ထားပါတယ်”လို့ ဆိုခဲ့ပါတယ်။

လီဗာပူး နောက်ခံလူဟောင်း ကာရေဂါက မန်ယူလို အသင်းမျိုး အနေနဲ့ ၃၇ နှစ်အရွယ်ရှိ စီရော်နယ်ဒိုအပေါ် မှီခိုနေခြင်း က မဖြစ်သင့်ကြောင်း၊ စီရော်နယ်ဒိုဟာ အံ့အားသင့်ဖွယ်ကစားသမားဆိုပေမဲ့ ဂိုးမသွင်းနိုင်ရင် အသုံးမဝင်ကြောင်း၊ သူ့အနေနဲ့ ခံစစ်ကို လိုက်ပါကူခြင်းမရှိဘဲ နည်းပြသစ်အတွက ်ပြဿနာဖြစ်နိုင်ကြောင်း ဝေဖန်ခဲ့ပါတယ်။

ချဲလ်ဆီးတိုက်စစ်သမား ပူလီဆစ်ကတော့ ဒီတပတ် မန်ယူနဲ့ ပွဲမတိုင်ခင်ပဲ ဘယ်အသင်း နည်းပြသည် ဖြစ်စေ မန်ယူက အရည်အသွေးရှိ ကစားသမားတွေ ရှိတာကြောင့် ခက်ခဲတဲ့ ပွဲ ဖြစ်လိမ့်မယ်လို့ ကြိုတင် ပြောဆိုလိုက်ပါတယ်။

ထုတ်ပယ်ခံရတဲ့ နည်းပြဟောင်း ဆိုးလ်ရှားဘက်ကနေ မန်ယူတိုက်စစ်မှူး ရက်ဖို့ဒ်က ကာကွယ်ပြောဆို ပေးခဲ့ပြီး နည်းပြက ကွင်းထဲ ဝင်ကစားနိုင်သူ မဟုတ်တာကြောင့် ကစားသမားတွေအနေနဲ့လည်း ပြစ်တင်မှုကို ခံရသင့်ကြောင်း၊ ဆိုးလ်ရှားဟာ လေးစားမှုနဲ့ ထိုက်တန်သူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။