တိုမီနေး အပြောင်းအရွှေ့ အတွက် နာပိုလီနဲ့ မန်ယူ နှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရပြီ
အီတလီကလပ် နာပိုလီ အသင်း ဟာ မန်ယူ ကွင်းလယ် ကစားသမား စကော့မက်တိုမီနေးကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ (ပေါင် ၂၅.၄ သန်း)ဖြင့် ခေါ်ယူရန် မန်ချက်စတာ ယူနိုက်တက်နဲ့ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ နာပိုလီအနေဖြင့် အပြောင်းအရွှေ့အပြီးသတ်ရေးအတွက် စကော့တလန် လက်ရွေးစင် ကွင်းလယ်ကစားသမားနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိရန် ကြိုးပမ်းရပါဦးမယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့လတုန်းက စကော့မက်တိုမီနေးအတွက် ဖူလ်ဟမ်က ပေါင်သန်း ၂၀ ဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းက ဝက်စ်ဟမ်းက စကော့မက်တိုမီနေးအား ကမ်းလှမ်းမှုကို လက်ခံခဲ့ပေမဲ့ ကာယကံရှင်က ပြောင်းရန် ငြင်းဆိုမှုကြောင့် မရောင်းချနိုင်ခဲ့တာပါ။
ယင်းနောက် စကော့မက်တိုမီနေးဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲ ၃၂ ပွဲအထိ ကစားခွင့်ရခဲ့တဲ့အပြင် ၇ ဂိုးပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။ သူဟာ မန်စီးတီးကို အနိုင်ရတဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲတွင်လည်း ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ ယခုရာသီမှာတော့ အဲရစ်တန်ဟက်ဟာ စကော့ မက် တိုမီနေးကို ပရီးမီးယားလိဂ်ပွဲ ၂ ပွဲလုံး အရန်အဖြစ်သာ အသုံးပြုထားပါတယ်။
အဲရစ်တန်ဟက်ဟာ စကော့မက်တိုမီနေးကို ရောင်းချပြီး ပီအက်စ်ဂျီမှ ဥရုဂွေး ကွင်းလယ်ကစားသမား မန်နူရယ် အူဂါတီအား ခေါ်ယူရေး ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ဟာ အူဂါတီရဲ့ အပြောင်းအရွှေ့အတွက် ပီအက်စ်ဂျီနှင့် သဘောတူညီမှု မရသေးပါဘူး။