မန်ယူကို အရင် အဆင့်အတန်း ပြန်ရောက်အောင် လုပ်ပေးနိုင်တဲ့ နည်းပြ တစ်ယောက်ပဲ ရှိတယ် လို့ သရဲနီဟောင်းကြီး ပြောဆို

မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ နည်းပြအဲရစ်တန်ဟက်ကို ရာထူးက ထုတ်ပယ်သင့်နေပြီလို့ သရဲနီ ဂန္ထဝင် တိုက်စစ်မှူးဟောင်းကြီး ဒွိုက်ယော့ခ်က တောင်းဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ရာသီသစ် စတင်ပြီး ၂ ပွဲအကြာမှာပဲ ရလဒ်ဆိုးတွေကြောင့် အဲရစ်တန်ဟက် တစ်ယောက် ဖိအားတွေနဲ့စတင်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ရာသီအဖွင့်ပွဲမှာ ဖူလ်ဟမ်ကို အသည်းအသန်ကစားပြီးမှ တိုက်စစ်မှူးဇက်ဇီရဲ့နောက်ကျဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ ပြီးခဲ့တဲ့ဘရိုက်တန်နဲ့ပွဲမှာတော့ ရှုံးပွဲစတင်ကြုံတွေ့ခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ဇူလိုင်လကမှ အဲရစ်တန်ဟက်နဲ့ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပေမဲ့ အခု ဒွိုက်ယော့ခ်က အဲရစ်တန်ဟက်ကို ထုတ်ပယ်ပြီး အခြား နည်းပြတစ်ဦးနဲ့အစားထိုးဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ဒွိုက်ယော့ခ်က “အဲရစ်တန်ဟက်ဟာ နည်းပြကောင်းတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပြကောင်းတစ်ဦးနဲ့ ထိပ်တန်းအဆင့်နည်းပြတစ်ဦးရဲ့ကြားမှာ ကြီးမားတဲ့ ကွာဟချက်ရှိပြီး ယူနိုက်တက်အသင်းဟာ အရှိန်အဝါကြီးတဲ့နည်းပြတစ်ဦး လိုအပ်နေပါတယ်။ အဲဒီလိုနည်းပြမျိုးမရမချင်း ယူနိုက်တက်အသင်းကတော့ ဒီလိုပဲ ရုန်းကန်နေရဦးမှာပါပဲ ”

“ယူနိုက်တက်အသင်းကို တစ်ချိန်ကလို အဆင့်အတန်းမျိုးရောက်ဖို့ ပရိသတ်တွေ မျှော်လင့်သလိုအနေအထား ပြန်ဖြစ်ဖို့ စွမ်းဆောင်နိုင်တဲ့သူ တစ်ယောက်ပဲ ရှိပြီး သူကတော့ ဇီဒန်းပဲဖြစ်ပါတယ်။ အဲရစ်တန်ဟက်ဟာ ထိပ်တန်းအဆင့်ကစားသမားတွေကို ခေါ်ယူနိုင်တဲ့ အနေအထား မရှိပါဘူး ”

“ဇီဒန်းကတော့ ကမ္ဘာ့အဆင့်ကစားသမားတွေ သူ့လက်အောက်မှာ ကစားချင်လာအောင် ဆွဲဆောင်နိုင်တဲ့သူဖြစ်ပြီး ယူနိုက်တက်နည်းပြအဖြစ်သာ သူ တာဝန်ယူမယ်ဆိုရင် ကမ္ဘာ့အဆင့်ကစားသမားတွေအများကြီး ယူနိုက်တက်ကို ရောက်လာပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

ဘောလုံးသမားဘဝမှာ ကြီးမားတဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့သူ ဇီဒန်းဟာ နည်းပြဘဝမှာလည်း ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ် စံချိန်တင် ၃ ကြိမ်ဆက်အပါအဝင် လာလီဂါ၊ ဥရောပစူပါဖလား၊ စပိန်စူပါဖလားတွေ ဆွတ်ခူးခဲ့ပါတယ်။

အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်သူ ဇီဒန်းဟာ ၂၀၂၁ ခုနှစ်က ရီးယဲလ်အသင်းနဲ့ ဒုတိယအကြိမ်မြောက် လမ်းခွဲခဲ့ပြီးတဲ့နောက် နည်းပြလောက,ကနေ အနားယူနေတာ ၃ နှစ်ကျော်အထိရှိလာပါပြီ။