ဒီအပတ် မန်ယူနဲ့ လီဗာပူး ပွဲ ကိုင်မယ့် ဒိုင်လူကြီး အတည်ပြု ထွက်ပေါ်လာပြီးနောက် လီဗာပူးပရိသတ်များ စိတ်ပျက်နေ

ဒီတပတ် အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူး အသင်းတို့ ကန်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်အား ကြီးကြပ်လာမဲ့ ဒိုင်လူကြီးကို အတည်ပြုလာပြီးနောက် လီဗာပူးပရိသတ်တွေကတော့ ဒေါသထွက်နေပါတယ်။

လီဗာပူးဟာ နည်းပြသစ်အာနီဆလော့လက်အောက်တွင် ပရီးမီးယားလိဂ်အဖွင့်ပွဲ ၂ ပွဲဆက် နိုင်ပွဲ ရရှိထားပြီး ၃ ပွဲဆက် နိုင်ပွဲ ရရှိရေး တနင်္ဂနွေနေ့တွင် အိုးထရက်ဖို့ဒ်မှာ ကြိုးပမ်းရပါမယ်။

ဒီနေ့မှာ ပရီးမီးယားလိဂ်က တနင်္ဂနွေနေ့တွင် ကစားမဲ့ မန်ယူ – လီဗာပူး ပရီးမီးယားလိဂ်ပွဲအား ဒိုင်လူကြီး အန်တိုနီတေလာ ကိုင်တွယ်မည် ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

ယင်းပွဲတွင် ဆမ်ဘာရော့က စတုတ္ထဒိုင်အဖြစ် တာဝန်ယူလာမှာ ဖြစ်ပြီး ဗီဒီယိုလက်ထောက်ဒိုင်အဖြစ် ဂျွန်ဘရော့ခ်က တာဝန်ယူလာပါမယ်။

တေလာဟာ အင်္ဂလန်ထိပ်တန်းဒိုင်လူကြီး ဖြစ်ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲတွင်လည်း ကြီးကြပ်ခဲ့သူ ဖြစ်ပါတယ်။

အသက် ၄၅ နှစ်ရှိ ဒိုင်လူကြီးဟာ မန်ချက်စတာတောင်ပိုင်း ဝိုင်သင်ရှာဝီတွင် ကြီးပြင်းလာသူ ဖြစ်ပြီး နေးရှင်းလိဂ်ကလပ် အယ်ထရင်ချန်ကို အားပေးလာသူ ဖြစ်ပါတယ်။

ဒါပေမဲ့ လီဗာပူးပရိသတ်များဟာ မန်ချက်စတာသား တစ်ဦးကို ယူနိုက်တက်နှင့် ကစားရမဲ့ပွဲအား ကြီးကြပ်လာစေမှုနှင့်အတူ ဒေါသထွက်နေကြပါတယ်။

တေလာဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် လီဗာပူး-ယူနိုက်တက်ပွဲ ၄ ပွဲအထိ ကိုင်တွယ်ဖူးပြီး ပထမဆုံးကိုင်တွယ်တဲ့ အန်ဖီးလ်ပွဲစဉ်တွင် ဂိုးမရှိ သရေကျခဲ့ပါတယ်။

ယင်းနောက် သူဟာ အိုးထရက်ဖို့ဒ်တွင် ၂ ဂိုးစီသရေကျတဲ့ပွဲအား ကိုင်တွယ်ခဲ့ပါတယ်။ သူ ကိုင်တွယ်တဲ့ ကျန် ၂ ပွဲတွင် လီဗာပူးက ၄-၂ ၊ ၅-၀ ဖြင့် အသီးသီး အနိုင်ရခဲ့ပါတယ်။ ယခုပွဲစဉ်မှာ တေလာအတွက် လီဗာပူးပွဲ ၆၁ ပွဲမြောက် ကိုင်တွယ်မှု ဖြစ်လာပါမယ်။