ဘယ်နောက်ခံလူ နေရာ မဟန်တာကြောင့် ဈေးကွက် ပိတ်ခါနီးမှ ယူနိုက်တက် ခေါ်ဖို့ ကြိုးစားလာတဲ့ ဂူတီယာရက်ဇ်

မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီမှာလည်း ဒဏ်ရာပြဿနာတွေနဲ့ ဆက်လက်ရုန်းကန်ဖွယ် ရှိတဲ့ ဘယ်နောက်ခံနေရာအတွက် ဂီရိုနာကြယ်ပွင့် မီဂယ် ဂူတီယာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ယူနိုက်တက်က ဒီရာသီကို ဘယ်နောက်ခံကစားသမား စစ်စစ် မပါဘဲ စတင်ခဲ့ရတာဖြစ်ပြီး လုခ် ရှောနဲ့ မာလာစီယာတို့ ကြံ့ခိုင်မှု ပြန်လည် ရရှိလာအောင် စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။

မာလာစီယာဟာ ကာလရှည် လွဲချော်ခဲ့သူဖြစ်ပေမယ့်လည်း အသင်းအတွက် ပြန်ကစားပေးနိုင်မယ့်အချိန်ကို မသိရသေးဘဲ လုခ် ရှောကလည်း စက်တင်ဘာလ နိုင်ငံတကာပွဲတွေ အပြီးမှာတော့ ပြန်ကစားပေးနိုင်ဖို့ မျှော်မှန်းခြင်းခံထားရပါတယ်။

ဒါပေမယ့်လည်း လုခ် ရှောဟာ ရှည်လျားတဲ့ ဒဏ်ရာပြဿနာမှတ်တမ်းမျိုးရှိသူဖြစ်တာကြာင့် တန်ဟက်အနေနဲ့ အင်္ဂလန်နောက်ခံလူကို တစ်ရာသီလုံးအတွက် အားကိုးအားထားပြုလို့ရမှာမဟုတ်ပါဘူး။

စပိန်ကထွက်ပေါ်လာတဲ့သတင်းတွေအရ မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာ ရုန်းကန်နေရတဲ့ နောက်ခံတောင်ပံနေရာနဲ့ တိုက်စစ်ကို အထောက်အကူပေးနိုင်ဖို့ တည်ငြိမ်မှု ပိုရလာအောင် ဂီရိုနာ ဘယ်နောက်ခံလူ ဂူတီယာရက်ဇ်ကို ဈေးကွက် ပိတ်ခါနီးမှ ခေါ်ယူမှု ပြုလုပ်သွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ဂူတီယာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီ ဂီရိုနာအတွက် အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာဖြစ်ပြီး အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်၊ ဒေါ့မွန်၊ အာဆင်နယ်နဲ့ ချဲလ်ဆီး အသင်းတို့ကလည်း ခံစစ်ပိုင်း ကောင်းမွန်သလို တိုက်စစ်ကို လိုက်ပါရာမှာလည်း သက်တောင့်သက်သာရှိတဲ့ ဂူတီယာရက်ဇ် အား စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

ဂူတီယာရက်ဇ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတစ်ခုရှိတာက ပရီးမီးယားလိဂ်မှာ အသားကျအောင် လုပ်နိုင်ပါ့မလားဆိုတာဖြစ်ပြီး ဂီရိုနာနောက်ခံလူဟာ အခွင့်အရေးဖန်တီးနိုင်စွမ်းနဲ့ အလွန်လျင်မြန်တဲ့ မြန်နှုန်းနဲ့ သူ့နေရာကို ပြန်ပြီး ကာကွယ်မှု ပြုလုပ်နိုင်စွမ်းကြောင့် လူသိများကျော်ကြားပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေရာသီမှာ ကစားသမားသစ် ၅ ဦးအထိ ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပေမယ့်လည်း ဘယ်နောက်ခံလူ စစ်စစ် တစ်ဦးမှ ခေါ်ယူနိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်က ဂူတီယာရက်ဇ်ကို ပြန်လည်ဝယ်ယူခွင့်ကို အသုံးပြုခွင့်ရှိနေတာကြောင့် ယူနိုက်တက် အတွက် အတားအဆီး ဖြစ်လာနိုင်ပါတယ်။