ကစားသမား အဝင် ၂ ဦး၊ အထွက် ၂ဦး ရှိခဲ့ပြီး အငှား ငြင်းခဲ့သူ ၂ ဦးပါ ရှိတဲ့ မန်ယူရဲ့ အပြောင်းအရွှေ့ ပိတ်ရက် လှုပ်ရှားမှုများ
သြဂုတ် ၃ဝ ရက်နေ့၊ သောကြာနေ့ကတော့ အပြောင်းအရွှေ့ ပိတ်ရက် ဖြစ်ခဲ့ပြီး ညဘက်ထိ အပြောင်းအရွှေ့ အပြီးသတ်မှုတွေနဲ့ ကလပ်တွေ အလုပ်ရှုပ်ခဲ့ကြပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကတော့ သောကြာညမှာ ကစားသမား အဝင် ၂ ယောက်နဲ့ အထွက် ၂ ယောက်တို့ကို အပြီးသတ် နိုင်ခဲ့ပါတယ်။
Transfer In
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပီအက်စ်ဂျီ ကွင်းလယ်လူ မန်နူရယ် အူဂါတီ နဲ့ ၂၀၀၆ ခုနှစ်ဖွား မာလီ ကွင်းလယ်ကစားသမားလေး ဆေကူ ကိုနေး တို့ ၂ ယောက်ကို ခေါ်ယူ ကြေညာနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ အူဂါတီကို ပေါင် ၅၀.၅ သန်းအထိ မြင့်မားလာနိုင်တဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလာပါတယ်။
အသက် ၂၃ နှစ်ရှိ ဥရုဂွေး လက်ရွေးစင်ကစားသမားဟာ ယူနိုက်တက်နှင့် ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်အတွင်းတွင် ၁၂ လ သက်တမ်းတိုးနိုင်မဲ့ အချက်ကိုလည်း ထည့်သွင်းထားပါတယ်။
ယူနိုက်တက်ဟာ အူဂါတီအတွက် ပီအက်စ်ဂျီကို ပေါင် ၄၂.၁ သန်းပေးရမှာ ဖြစ်ပြီး ကျန် ပေါင် ၈.၄ သန်းကို အောင်မြင်မှုအပေါ် မူတည်ကာ ပေးရပါမယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသက် (၁၈)နှစ်သာ ရှိသေးတဲ့ ဆယ်ကျော်သက်အရွယ် မာလီ လူငယ် ကွင်းလယ်ခံစစ်ကစားသမားလေး ဆက်ကူ ကိုနေးကို မာလီကလပ် Guidars FC အသင်းဆီကနေ တရားဝင် ခေါ်ယူလိုက်ပါတယ်။
ဒီကစားသမားလေးကို ယူနိုက်တက် လူငယ်အသင်းမှာ အရင်ဦးဆုံး အသုံးပြုသွားဖို့ ရှိနေပါတယ်။
Transfer Out
မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမား ဂျာဒွန်ဆန်ချိုအား ချဲလ်ဆီး အသင်းက ရာသီအကုန်အထိ အငှားဖြင့် ခေါ်ယူလာပါတယ်။ ချဲလ်ဆီးဟာ အင်္ဂလန်လက်ရွေးစင်ရဲ့ အငှားစာချုပ်တွင် လာမယ့်နွေရာသီမှာ ပေါင်သန်း ၂၀ မှ ပေါင် ၂၅ သန်းအတွင်း ပြောင်းရွှေ့ကြေးဖြင့် အပြီးသတ်ခေါ်ယူမဲ့အချက် ထည့်သွင်းထားပါတယ်။
နောက်တစ်ယောက်ကတော့ ယူနိုက်တက် ရဲ့ စကော့တလန် ကွင်းလယ်ကစားသမား စကော့ မတ် တွမ်မီနေး ကို နာပိုလီအသင်း က ပြောင်းရွှေ့ကြေး ယူရို သန်း(၃၀) + sell-on clause နဲ့ တရားဝင် ခေါ်ယူလိုက်ပြီပဲ ဖြစ်ပါတယ်။
ဒါ့အပြင် နာပိုလီဟာ တွမ်မီနေးရဲ့ လက်ရွေးစင် အသင်းဖော် ဘီလီ ဂေးလ်မောကိုပါ ခေါ်ယူသွားဖို့ သဘောတူညီမှု ရရှိထားခဲ့ပြီလည်း ဖြစ်ပါတယ်။
Others
လာလီဂါကလပ် ရီးယဲလ် ဘက်တစ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား အန်တိုနီနဲ့ ကွင်းလယ်ကစားသမား ခရစ္စတီယန် အဲရစ်ဆင်တို့ နှစ်ဦးလုံးကို အငှားခေါ်ယူမှုတွေနဲ့ ကမ်းလှမ်းလာခဲ့ပေမယ့် ယူနိုက်တက်ဘက်ကတော့ ဒီကမ်းလှမ်းချက်တွေကို ပယ်ချသွားခဲ့ပါတယ်။