တန်ဟက်က သောက်ပိုတွေ ပြောလွန်းတယ်လို့ တည့် ဝေဖန်လိုက်တဲ့ ပရီးမီးယားလိဂ် ကွင်းလယ်ဟောင်း
မန်ယူ နည်းပြ အဲရစ် တန်ဟက်က စကော့ မက်တော်မီနေး နာပိုလီ ထံ အပြီး ရောင်းချပြီးတဲ့နောက် ပြောဆိုခဲ့တာတွေက အပိုစကားတွေ ပြောဆိုနေတာလို့ စွပ်စွဲခံခဲ့ရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မှာ မန်နူရယ် အူဂါတီကို ထုတ်ဖော်မိတ်ဆက်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက် မက်တော်မီနေးကိုတော့ ပေါင် ၂၅.၇ သန်းနဲ့ နာပိုလီဆီ အပြီးသတ် ရောင်းထုတ်ခဲ့တာဖြစ်ပါတယ်။
မနေ့က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တန်ဟက်က မက်တော်မီနေးကို မထွက်စေချင်ခဲ့ဘဲ အသင်းအတွက် အလွန်အရေးပါတဲ့သူဖြစ်ခဲ့တယ်လို့ ပြောဆိုခဲ့တာပါ။
“ကျွန်တော် သူနဲ့ပတ်သက်ပြီး ပျော်တာရော ဝမ်းနည်းတာရော ရောထွေးနေတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က သူ့ကို မသွားစေချင်လို့ပါ။ ဘာလို့လဲဆိုတော့ သူက မန်ချက်စတာယူနိုက်တက်ရဲ့ အရာအားလုံးဖြစ်နေခဲ့လို့ပါ။ သူက ကျွန်တော်တို့အသင်းအတွက် အရမ်းအရေးပါခဲ့ပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ စည်းမျဉ်းတွေကြောင့် ဆုံးရှုံးခဲ့ရတယ်။
ကျွန်တော်တို့ စည်းမျဉ်းတွေကို ဆွေးနွေးရမယ်။ ခင်ဗျားအနေနဲ့ ကစားသမားရောင်းချရမယ်ဆိုရင် ငယ်မွေးခြံပေါက် အကယ်ဒမီထွက်ကစားသမားတွေက တန်ဖိုး ပိုရှိတယ်။ ဒါက လုပ်ဆောင်ဖို့ သင့်တော်တဲ့အရာမဟုတ်ပါဘူး။ အားလုံးအတွက် ကျွန်တော်ထင်ထာကတော့ ဒါက ကောင်းမွန်တဲ့ အပြောင်းအရွှေ့ပါ။ စကော့လည်း ဒါကို ပျော်ရွှင်နေမှာပါ။ နာပိုလီအတွက်ရော ကျွန်တော်တို့အတွက်ပါ သူက အရမ်းကောင်းတဲ့ ကစားသမားပါ”လို့ ပြောဆိုခဲ့တာပါ။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကွင်းလယ်ကစားသမားဟောင်း မိုက်ကယ် ဘရောင်းကတော့ တန်ဟက်က သောက်ပိုစကားတွေ အရမ်းပြောတယ်လို့ ယုံကြည်နေပြီး မက်တော်မီနေးရဲ့ အပြောင်းအရွှေ့အပေါ် ကိုင်တွယ်ပုံကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
“အဲရစ် တန်ဟက်က မက်တော်မီနေး ထွက်ခွာမှုကို စိတ်ပျက်ခဲ့တယ်ဆိုပြီး ပြောခဲ့တဲ့အချိန်မှာ သောက်ပိုတွေ အများကြီး ထည့်ပြောသွားခဲ့တယ်လို့ ထင်တယ်။ မက်တော်မီနေးက မန်ယူနိုက်တက်အတွက် အရာအားလုံး ပေးခဲ့တဲ့သူဖြစ်ပြီး သူ့ကို ချန်လှပ်ခဲ့ဖို့ အခွင့်အရေးရှိတဲ့အခါတိုင်း တန်ဟက်က ချန်လှပ်ခဲ့တာပဲ။
သူက တကယ်ကောင်းတဲ့ ကစားသမားတစ်ယောက်ပုံစံထက် ခြင်းထဲက ကြက်လိုမျိုး သူ ဆက်ဆံနေခဲ့တာပါ။ နည်းပြက သူ့ကို သင့်တော်တဲ့ပုံစံမျိုးနဲ့ မဆက်ဆံခဲ့ဘူး။ ကျွန်တော် အချို့အချိန်တွေမှာ တခြားကစားသမားတွေကို ကစားခိုင်းမှ ရမယ်ဆိုတာကို သဘောပေါက်ပါတယ်။ ဒါပေမယ့် မက်တော်မီနေးက သူ ရရှိသင့်တဲ့ ဆက်ဆံမှုမျိုး မရခဲ့ဘူး”လို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။
စကော့တလန်ကွင်းလယ်လူက အသက် ၆ နှစ်ကတည်းက ကစားပေးခဲ့တဲ့ မိခင်ကလပ်အတွက် ပွဲပေါင်း ၂၅၅ ပွဲ ပါဝင်ကစားပေးခဲ့သူပါ။