သူက ဟယ်ရီပေါ်တာ မဟုတ်ဘူးလို့ လီဗာပူးရှုံးပွဲ အပြီးမှာ နည်းပြတန်ဟက် ဆင်ခြေစကား ပြောဆို

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်က မနေ့ညက အိုးထရက်ဖို့ဒ်ကွင်းမှာ လီဗာပူးကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် မိမိမှာ ဟယ်ရီပေါ်တာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အဲရစ်တန်ဟက်က ယခုရာသီတွင်လည်း ဆုဖလား ၁ လုံး ဆက်လက်ကိုင်မြှောက်နိုင်မဲ့ အခွင့်အရေးကောင်းရှိနေကြောင်း ဆိုသွားပါတယ်။

ယူနိုက်တက်ဟာ ညက လီဗာပူးပွဲ မတိုင်မီ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့တုန်းက ပီအက်စ်ဂျီမှ ပေါင် ၅၀.၅ သန်းဖြင့် ခေါ်ယူလာတဲ့ မန်နူရယ်အူဂါတီကို မိတ်ဆက်ခဲ့ပါတယ်။

လီဗာပူးကို ရှုံးနိမ့်တဲ့ပွဲတွင် ယူနိုက်တက်ရဲ့ နယ်သာလန်တိုက်စစ်မှူးဂျိုရှာဇတ်ဇီးမှာ အခွင့်အရေးအချို့ ရရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး။ တဖက်တွင် မားသီးယပ်စ်ဒီလက်မှာလည်း လီဆန်ဒရိုမာတီနက်ဇ်နှင့် ဟန်ချက်ညီညီ တွဲကစားနိုင်ခဲ့ခြင်း မရှိပါဘူး။

ဝါရင့် ကွင်းလယ်ကစားသမား ကက်စ်မီရိုမှာလည်း လီဗာပူးတို့ ရရှိသွားတဲ့ ၂ ဂိုးမှာ အမှားတွေနဲ့ အဓိကနေရာမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။

အဲရစ်တန်ဟက်က “ကျွန်တော်က ဟယ်ရီပေါ်တာ မဟုတ်ပါဘူး။ ဒါကို သိထားဖို့ လိုတယ်။ ကစားသမား ၃ ဦးက ပထမဆုံးအကြိမ် ပွဲထွက်ကစားလာတာ။ မန်နူရယ်အူဂါတီက တစ်မိနစ်တောင် မကစားရသေးဘူး။ ကြံ့ခိုင်မှုပိုင်း လုပ်ရဦးမယ်။ ပြီးရင် သူ့ကို အသင်းမှာ အံဝင်အောင် လုပ်ရမယ်။

အသင်းအတွက် အကောင်းဆုံး လုပ်ပေးလာမှာကိုတော့ ယုံကြည်နေတယ်။ ရက်သတ္တပတ်အနည်းငယ်အချိန်ယူရမှာပါ။ လချီလည်း ကြာသွားနိုင်တယ်။ ကစားသမားအများစုလည်း ဒီလိုပါပဲ”လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၃ ပွဲတွင် ရမှတ် ၃ မှတ်တည်းသာ ရရှိကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။