ယူနိုက်တက်သာ အခြေမလှပေမယ့် တန်ဟက်ကတော့ ပန်းပန်လျက်ပဲ ဖြစ်နေဆဲ အသင်းတွင်း အခြေအနေ

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ အိမ်ကွင်းမှာ လီဗာပူးကို အရေးနိမ့်ခဲ့သည့်တိုင် မန်ချက်စတာ ကလပ်ကို ယခင်တုန်းက အောင်မြင်မှုမျိုး ပြန်လည် ရယူပေးနိုင်မဲ့ နည်းပြအဖြစ် အသင်း စီနီယာအရာရှိများရဲ့ ယုံကြည်မှု ရရှိနေဆဲ ဖြစ်ပါတယ်။

အဲရစ်တန်ဟက်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ၁၉၉၀ နောက်ပိုင်း အဆိုးရွားဆုံး အဆင့်ရပ်တည်မှုအဖြစ် အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့လည်း အက်ဖ်အေဖလား ဆွတ်ခူးနိုင်အောင် ဦးဆောင်နိုင်ခဲ့မှုနှင့်အတူ ရာထူးမြဲခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့အပတ်တုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် ခါးသီးတဲ့ ပြိုင်ဘက် လီဗာပူးကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဖိအားများအောက်သို့ ပြန်လည် ကျရောက်လာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၃ ပွဲတွင် ရမှတ် ၃ မှတ်တည်းသာ ရရှိထားပြီး အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။

၎င်းတို့ဟာ နိုင်ငံတကာပွဲစဉ်များအပြီး စက်တင်ဘာလ ၁၄ ရက်နေ့ ဆောက်သမ်တန်နှင့်ပွဲတွင် ရှုံးနိမ့်ပါက ၁၉၈၆-၈၇ ရာသီနောက်ပိုင်း အဆိုးရွားဆုံးရာသီတာထွက်မှတ်တမ်းဆိုး ပိုင်ဆိုင်လာပါမယ်။

ထိုစဉ်တုန်းက ယူနိုက်တက်ဟာ အဖွင့်ပွဲ ၄ ပွဲတွင် ၁ မှတ်သာ ရရှိပြီးနောက် ရာသီစတင်ပြီး ၂ လအကြာမှာ ရွန်အက်ကင်ဆင်ကို ထုတ်ပယ်ပြီး ဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်နှင့် အစားထိုးခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အဲရစ်တန်ဟက်ဟာ ပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ် အပါအဝင် ကလပ်ရဲ့ ဘောလုံးရေးရာမှ စီနီယာအရာရှိများရဲ့ ထောက်ခံမှု အပြည့်အဝ ရရှိနေဆဲ လို့ သိရပါတယ်။