ကာရေဂါရဲ့ မန်ယူ အသင်းသား တစ်ဦးကို ပြောချက်က လွန်လွန်းတယ်လို့ ဖာဒီနန် တန်ပြန် ပြောဆို
အိုးထရက်ဖို့ဒ်က ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ ပွဲအပြီးမှာ ကစားသမားဟောင်းတွေကြား ပွဲအပေါ် ထင်မြင်ချက်တွေ ထွက်လာရာမှာ ယူနိုက်တက် အသင်းသား တစ်ဦးကို ဝေဖန်တဲ့ လီဗာပူး နောက်ခံလူ ကာရေဂါရဲ့ အပြောကို သရဲနီဟောင်းကြီး ဖာဒီနန်က ဝေဖန်ပြစ်တင်လိုက်ပါတယ်။
အဲဒီပွဲမှာ ယူနိုက်တက် ကွင်းလယ် ကာဆီမီရိုရဲ့ အကျည်းတန်လှတဲ့ အမှားတွေကနေ လီဗာပူးတို့ ဂိုးတွေရခဲ့ခြင်းဖြစ်ပါတယ်။
ဘရာဇီးသားရဲ့ အကောင်းဆုံး အခိုက်အတန့်တွေ ကုန်သွားပြီမို့ အင်္ဂလန် လိဂ်ကနေ ခွာသင့်ပြီလို့ လီဗာပူး နောက်ခံလူဟောင်းာကီး ကာရေဂါက ပြောခဲ့တာပါ။

” ကာဆီမီရိုက ထိပ်ဆုံးအဆင့်တွေကနေ ဝေးကွာလာနေပါပြီ။ ဒါကို သူလက်ခံပြီး ပြောင်းရွှေ့တာတွေ လုပ်သင့်နေပါပြီ ” လို့ ကာရေဂါက မှတ်ချက်ပေးလိုက်တာပါ။
လီဗာပူးခံစစ်မှူးဟောင်းကြီးရဲ့ မှတ်ချက် ဟာ ကာဆီမီရိုကို မလေးစားခြင်းလို့ ဖာဒီနန်က ယူဆ စွပ်စွဲခဲ့ပြီး ဘရာဇီးသားဟာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ကြောင်း ကာကွယ်ခဲ့ပါတယ်။
‘ ဒါကတော့ တော်တော်လေးကို မလေးစားတာပါပဲ။ ကာရေဂါရဲ့ ပြောစကားက လုံးဝ မလေးစားတာပါ။ ပွဲထဲမှာ သူက အမှားအနည်းငယ် လုပ်ခဲ့မိပေမယ့် ဒီရာသီ အခြား ၂ ပွဲကို ပြန်ကြည့်မယ်ဆိုရင် ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားက ကာဆီမီရိုလို့တောင် ပြောနိုင်စရာ ရှိပါတယ် ’ လို့ တုန့်ပြန်ခဲ့တယ်။
ယူနိုက်တက်ဟာ ကွင်းလယ်ခံစစ်အတွက် အူဂါတီကို ခေါ်ယူထားခဲ့ကာ လီဗာပူးပွဲတုန်းက ခြေစွမ်းမျိုးနဲ့ဆိုရင် ကာဆီမီရိုရဲ့ မန်ချက်စတာ နေ့ရက်တွေက မှေးမှိန်လာနေခဲ့ပြီဖြစ်ပါတယ်။