ယူရိုပါလိဂ် ကန်မယ့် မန်ယူ လူစာရင်း တင်သွင်း၊ တစ်နှစ်ကျော်ကြာ မကစားရတဲ့ အသင်းသားလည်း ပါဝင်လာ

မန်ချက်စတာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ပြိုင်ပွဲ ပါဝင် ကစားမယ့် အသင်းရဲ့ ၂၅ ဦးလူစာရင်းကို တင်သွင်းခဲ့ရာမှာ ၁၅ လကြာ ပွဲကစားလာနိုင်ခြင်း မရှိတဲ့ အမေ့ခံ ဘယ်နောက်ခံလူ တိုင်ရဲလ် မာလာစီယာကိုလည်း ထည့်သွင်းလာပါတယ်။

အဲရစ်တန်ဟက်ဟာ ကြာသပတေးနေ့တုန်းက ယူရိုပါလိဂ်လူစာရင်းကို တင်သွင်းရာတွင် ယူနိုက်တက်စတားအားလုံးကို ထည့်သွင်းလာခဲ့တာလည်း ဖြစ်ပါတယ်။

ငယ်မွေးခြံပေါက် ကစားသမားများ ဖြစ်ကြတဲ့ ကိုဘီမိုင်နူးနှင့် အလီဂျန်ဒရို ဂါနာချိုတို့မှာ ယူနိုက်တက်လူစာရင်းတွင် မပါဝင်ကြပေမဲ့လည်း ငယ်မွေးခြံပေါက် လူငယ်များဖြစ်တာနဲ့အညီ ပါဝင်ကစားနိုင်ပါတယ်။

အံ့အားသင့်စရာကောင်းတာကတော့ နယ်သာလန်သား ဘယ်နောက်ခံလူမာလာစီယာလည်း ပါဝင်လာတာပါ။ သူဟာ ၂၀၂၂ ခုနှစ်တွင် ဖီယင်နုမှ ယူနိုက်တက်သို့ ပေါင် ၁၃ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။

သူဟာ ယူနိုက်တက်တွင် ကစားတဲ့ ပထမဆုံးရာသီမှာ ပြိုင်ပွဲအရပ်ရပ်တွင် ၃၉ ပွဲကစားလာခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်၊ မေလကတည်းက ဒူးဒဏ်ရာကြောင့် ပွဲကစားလာနိုင်ခြင်း မရှိပါဘူး။

ဒါပေမဲ့ အဲရစ်တန်ဟက်က ဩဂုတ်လတုန်းက မာလာစီယာမှာ နှစ်လအတွင်း ပြန်လည်ကစားလာနိုင်တော့မှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါကြောင့်လည်း အဲရစ်တန်ဟက်ဟာ မာလာစီယာကို ယူရိုပါလိဂ်ပြိုင်ပွဲအတွက် လူစာရင်းတွင် ထည့်သွင်းလာတာ ဖြစ်ပါတယ်။

အဲရစ်တန်ဟက်ဟာ ဘယ်နောက်ခံလူလုခ်ရှောမှာလည်း ကြံ့ခိုင်မှုပြဿနာကြုံနေမှုနှင့်အတူ ညာနောက်ခံလူဒီယေဂိုဒါလော့အား ဘယ်နောက်ခံလူအဖြစ် အသုံးပြုနေရပါတယ်။

ယူနိုက်တက်ဟာ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ယူရိုပါလိဂ် အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ တွမ်တီးကို ဧည့်ခံကစားရပါမယ်။