မန်ယူ ပရိသတ်တွေ တန်ဟက်ကို ပြောချင်နေတဲ့ စကားလုံးတွေ အတိုင်း ကိုယ်စား ပြောချပေးသွားတဲ့ ရှရင်ဂရမ်

လက်ရှိ နည်းပြ အဲရစ်တန်ဟက် ဟာ ယူနိုက်တက်ကို ကိုင်တွယ်နိုင်တဲ့ ကောင်းမွန်တဲ့ နည်းပြကောင်းမျိုးမဟုတ်ကြောင်းနှင့် ခရစ္စမတ်မတိုင်မီ ထုတ်ပယ်ခြင်းခံလာရလိမ့်မယ်လို့ ယူနိုက်တက်ဂန္ထဝင်ကစားသမားကြီး တက်ဒီ ရှရင်ဂမ်က ဟောကိန်းထုတ်လာပါတယ်။

အဲရစ်တန်ဟက်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ်တွင် အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ အက်ဖ်အေဖလား ဆွတ်ခူးနိုင်ပြီးနောက် ယူနိုက်တက်ရဲ့ ၂ နှစ်စာချုပ်သစ် ချုပ်ဆိုခြင်းခံခဲ့ရပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ အပြောင်းအရွှေ့ဈေးကွက်တွင် အဲရစ်တန်ဟက်အတွက် ကစားသမားများစွာ အားဖြည့်ပေးခဲ့ပါသေးတယ်။

တန်ဟက် ဟာ ယခုနွေရာသီတွင် လီနီယိုရို၊ ဂျိုရှာဇတ်ဇီး၊ မားသီးယပ်စ်ဒီလက်၊ နူဆာမာ့ဇ်ရာဝီ၊ မန်နူရယ်အူဂါတီတို့အား ခေါ်ယူခဲ့ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၃ ပွဲတွင် ၂ပွဲအထိ ရှုံးနိမ့်ထားကာ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ ၎င်းတို့ဟာ ယခုရာသီ တစ်ပွဲတည်းသော နိုင်ပွဲအဖြစ် ဖူလ်ဟမ်အား နောက်ကျ အနိုင်ဂိုးဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မန်ယူ တိုက်စစ်မှူးဟောင်းကြီး တက်ဒီရှရင်ဂမ်က အဲရစ်တန်ဟက်မှာ ထုတ်ပယ်ခြင်းခံရရန် နီးစပ်နေပြီ ဖြစ်ကြောင်း ပြောကြားလာပါတယ်။

ရှရင်ဂမ်က “ပရီးမီးယားလိဂ်မှာအဆင့် ၈ နေရာမှာပဲ ရပ်တည်နိုင်တယ်ဆိုကတည်းက ယူနိုက်တက်အတွက် မလုံလောက်ဘူးဆိုတာ မြင်နိုင်တယ်။ ရပ်လိုက်ကြပါတော့။ ဒီဇာတ်လမ်းအဆုံးသတ်လိုက်တော့။

ဖြစ်လာမဲ့အရာတွေအတွက် အပြောင်းအလဲ လုပ်ရတော့မယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ဆက်တိုက် ရလဒ်မကောင်းဘူး။ အခု ဒီရာသီ ပထမဆုံးသုံးပွဲမှာလည်း ထပ် ဖြစ်နေပြန်တယ်။ ဘာများ ပြောင်းလဲသွားတာ မြင်နေရလို့လဲ။

ကစားသမားတွေတော့ ကွဲပြားသွားတယ်။ ဒါပေမဲ့ ဖီလိုဆိုဖီက မပြောင်းဘူး။ အဲရစ်တန်ဟက် ကစားစေချင်တဲ့အတိုင်းပဲ ကစားနေတယ်။ လူတွေ အထုတ်မခံရစေချင်ပါဘူး။ နေရာတစ်ခုနဲ့ မထိုက်တန်ဘူးလို့လည်း မပြောချင်ပါဘူး။ ဒါပေမဲ့ သူဟာ ယူနိုက်တက်နည်းပြအဖြစ် ရှိမနေသင့်တဲ့သူပါ။

ယူနိုက်တက်အတွက် လုံလောက်တဲ့ ကောင်းမွန်ခြင်း မရှိပါဘူး။ မျှော်လင့်ထားတဲ့အဆင့် အောက်မျိုးမှာ ရှိနေတာပါ။ အဆင့် ၈ မှာ ရပ်တည်ခဲ့တယ်ဆိုကတည်းက မှားနေခဲ့တာ။ ရာသီကုန်တဲ့အထိ ဆက်ရှိနေမယ်လို့ တော့ မထင်ဘူး။ လုံးဝ မထင်ဘူး။ ခရစ္စမတ်တောင် မကျော်လောက်ဘူး”လို့ ပြောကြားသွားပါတယ်။

အဲရစ်တန်ဟက်ဟာ နည်းပြရာထူးနှင့်ပတ်သက်ပြီး ယူနိုက်တက်စီနီယာအရာရှိကြီးများရဲ့ ထောက်ခံမှု ရရှိထားဆဲ ဖြစ်ပေမဲ့လည်း ဖိအားများ များသထက် များလာနေပါတယ်။