ဘရူနိုနဲ့ ရက်ဖို့ဒ် ခေါင်းမဖော်နိုင်အောင် လုပ်ပြသွားတဲ့ ရွန်းနီ၊ အိုးထရက်ဖို့ဒ်မှာ ၂နှစ် အတွင်း ပထမဆုံး မြင်ရတဲ့ ဖရီးကစ် ဂိုးနဲ့ အတူ ဂန္တဝင်ပွဲ
မနေ့ညက အိုးလ်ထရက်ဖို့ဒ်မှာ ရန်ပုံငွေခြေစမ်းပွဲအဖြစ် မန်ချက်စတာယူနိုက်တက်ဂန္ထဝင်အသင်းနဲ့ ဆဲလ်တစ်ဂန္ထဝင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆဲလ်တစ်အသင်းက ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
အခုခြေစမ်းပွဲမှာ ပရိသတ်တွေ စိတ်ဝင်စားဆုံးက ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးကြီး ရွန်နီရဲ့ အိုးလ်ထရက်ဖို့ဒ် အပြန်ခရီးဖြစ်ပြီး ရွန်နီဟာ အခုပွဲမှ ယူနိုက်တက်ဂန္ထဝင်အသင်းအတွက် ပထမဆုံးအကြိမ် ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေတဲ့ ဂန္ထဝင်တိုက်စစ်မှူးဝိန်းရွန်းနီဟာ အိုးထရက်ဖို့ဒ်သို့ တကျော့ပြန် ခြေပြန်ချလာချိန်မှာ ဖရီးကစ်ကနေ တဆင့် ကလပ်ဟောင်းအတွက် လှလှပပ ဂိုးသွင်းယူခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရွန်နီရဲ့ခန္ဓာကိုယ်က အဝလွန်နေတာကြောင့် တစ်ချိန်ကလို လျင်လျင်မြန်မြန် မကစားနိုင်တော့ပေမဲ့ Skill ကတော့ အရင်အတိုင်း မပြောင်းလဲသေးဘဲ ပထမပိုင်း ၄၂ မိနစ်မှာ ကိုက် ၃၀ အကွာက ဖရီးကစ်ကို လှလှပပကန်သွင်းခဲ့ပြီး ဆဲလ်တစ်ဂိုးသမားကြီး ဘိုရက်ဂ် လှုပ်တောင်မလှုပ်နိုင်ခဲ့ပါဘူး။

ဒီဂိုးဟာ ရွန်နီရဲ့ယူနိုက်တက်ကစားသမားဘ၀ ပွဲဦးထွက်ဖြစ်တဲ့ ဖီနာဘာချီနဲ့ပွဲတုန်းက သွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုးကို ပြန်လည်အမှတ်ရစရာဖြစ်စေခဲ့ပါတယ်။
အခု ရွန်နီရဲ့ဖရီးကစ်ဂိုးဟာ ၂ နှစ်အတွင်း အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ယူနိုက်တက်အသင်း သွင်းယူခဲ့တဲ့ ပထမဆုံးဖရီးကစ်ဂိုးဖြစ်ပြီး လက်ရှိယူနိုက်တက်နာမည်ကျော်ကစားသမားတွေဖြစ်ကြတဲ့ ဘရူနိုဖာနန်ဒက်စ်၊ ရပ်ရှ်ဖို့ဒ်တို့အတွက် အရှက်ရစရာဖြစ်အောင် အသက် ၃၈ နှစ်အရွယ် ရွန်နီက စွမ်းဆောင်ပြခဲ့ပါတယ်။
ဆဲလ်တစ်ဂန္ထဝင်အသင်းအတွက် ချေပဂိုးကို နာမည်ကျော်ကစားသမားဟောင်း ပက်ထရော့ဗ်ရဲ့ကန်ချက် ဂိုးဘားတန်းထိပြီးတော့ ပြန်ထွက်လာတာကနေ ဂယ်ရီဟူးပါးက အလိုက်သင့်ပိတ်သွင်းခဲ့ပါတယ်။
မိနစ် ၉၀ အတွင်း ၁-၁ ဂိုးစီ သရေကျနေလို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့တာမှာ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒန်နီဝက်ဘာရဲ့ကန်ချက်ကို ဆဲလ်တစ်ဂိုးသမား ကာကွယ်နိုင်ခဲ့လို့ ဆဲလ်တစ်ဂန္ထဝင်အသင်းက အိုးလ်ထရက်ဖို့ဒ်မှာ ၅-၄ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
အခုခြေစမ်းပွဲမှာ ယူနိုက်တက်နာမည်ကျော်ကစားသမားဟောင်းတွေဖြစ်ကြတဲ့ ကာရစ်၊ ဖလက်ချာ၊ ဘာဘာတော့ဗ်၊ ဗလင်စီယာ၊ ဆီလ်ဗက်စတြာ၊ ယွန်ဆင်၊ ဗန်ဒါဟောင်းစသူတွေ ပါဝင်ခဲ့ကြသလို ဆဲလ်တစ်အသင်းမှာလည်း ဆမ်မာရက်စ်၊ မဲလ်ဂရူး၊ ဘိုရက်ဂ်၊ ဟက်ဆယ်လင့်ခ်တို့ ပါဝင်ကစားခဲ့ပါတယ်။
အခုရန်ပုံငွေက ရရှိတဲ့ငွေကြေးတွေကို ယူနိုက်တက်ဖောင်ဒေးရှင်းအဖွဲ့ဆီ လှူဒါန်းသွားမှာဖြစ်ပြီး ယူနိုက်တက်ဖောင်ဒေးရှင်းဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မျိုးဆက်သစ်လူငယ်လေးတွေ ဘောလုံးစင်မြင့်ပေါ်ကို ရောက်ခွင့်ရအောင် ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။