တန်ဟက်ကို ထုတ်ချင်ကြတာတော့ ဟုတ်ပြီ၊ ဒါပေမယ့် .. ဆိုပြီး သတိထားရမယ့် အချက်ကို ထောက်ပြတဲ့ သရဲနီဟောင်း

မန်ချက်စတာ ယူနိုက်တက် အသင်း တာဝန်ရှိသူတွေ အနေနဲ့ လက်ရှိ နည်းပြ တန်ဟက်ကို အမှားတွေ ပြန်ပြင်ခွင့် ပေးဖို့၊ စိတ်ရှည် အချိန်ပေးကြဖို့ မန်ယူ ကစားသမားဟောင်းကြီး နစ်ကီဘတ် က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၃ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲ ထိ ရှုံးထားပြီး မဟာပြိုင်ဘက် လီဗာပူးကို ဂိုးပြတ် ရှုံးပွဲလည်း ပါဝင်နေတာကြောင့် နည်းပြ တန်ဟက်က များစွာ ဝေဖန်မှုတွေ၊ ဖိအားတွေ ရင်ဆိုင်နေရပါတယ်။

နစ်ကီဘတ်ကတော့ နည်းပြသစ် ဖြစ်လာဖို့ သေချာသူ မရှိသေးဘဲနဲ့ တန်ဟက်ကို အလောတကြီး မထုတ်ပယ်ဖို့ ထောက်ပြ တိုက်တွန်းလိုက်ပါတယ်။

” ဝင်လာမယ့်သူ အသင့် မရှိသေးဘဲနဲ့ လက်ရှိ တစ်ယောက်ကို ထုတ်ပယ်လိုက်ဖို့ ဆိုတာ အဓိပ္ပါယ် မရှိဘူး။ ဒါပေမယ့် ကလပ် အသင်း တော်တော်များများက အဲဒီလို လုပ်နေကြတာ။ တကယ် ရူးမိုက်ကြတယ်။

အလုပ်မဖြစ်လို့ မန်နေဂျာ တစ်ယောက်ကို ထုတ်လိုက်တယ်။ ဒါပေမယ့် အသင်းနဲ့ လိုက်လျောညီထွေ အဆင်ပြေနိုင်မယ့် ပစ်မှတ် တစ်ဦးဦး ကလည်း အသင့် ရှိမနေဘူး။ ဒီတော့ နောက်ထပ် အမှား တစ်ခု ထပ်လုပ်၊ ထပ်ခေါ်နဲ့ သံသရာ လည်နေတော့တာပဲ။

ကျွန်တော်သာ ဆိုရင် မှားနေတာကို အမှန်ပြင်နိုင်ဖို့ သူ့ကို အချိန်ပေးမှာပါ။ အခုမှ ရာသီ အစပဲ ရှိသေးတယ်၊ ၃-၄ပွဲ ပဲ ကစားရသေးတယ်။ ဒီတော့ သူ့ဘက်က ရပ်တည်ပေးဖို့ လိုပါတယ်။

အဲဒီလို မလုပ်နိုင်ဘူး ဆိုရင် ပြီးခဲ့တဲ့ ရာသီ ကုန်တည်းက သူ့ကို ယူနိုက်တက်က ထုတ်ပယ်သင့်တာလေ။ ဒါက အချိန်ယူရတဲ့ ကိစ္စပါ။ သူ (တန်ဟက်) ကို အခုနေမှာ အကဲဖြတ်လို့ မရပါဘူး။

တစ်ခု သေချာတာကတော့ အသင်းက တိုးတက်လာမှ ဖြစ်မယ်။ လူတိုင်းကတော့ ဒါကို ပွင့်ပွင့်လင်းလင်း ပြောနေကြမယ် ထင်ပါတယ်။ ဆုဖလား ရယူဖို့ ဆိုတာကတော့ ခရီးရှည်ကြီးပါ။ ” လို့ နစ်ကီဘတ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။